တောင်ကိုရီးယား၌ အထပ်မြင့်အဆောက်အအုံမီးလောင်မှုကြောင့် လူ ၈၈ ဦးခန့် ဒဏ်ရာရ

တောင်ကိုရီးယား၌ အထပ်မြင့်အဆောက်အအုံမီးလောင်မှုကြောင့် လူ ၈၈ ဦးခန့် ဒဏ်ရာရ

ဆိုးလ် အောက်တိုဘာ ၉ - တောင်ကိုရီးယားနိုင်ငံ ဆိပ်ကမ်းမြို့ဖြစ်သော အူလ်ဆန်ရှိ အထပ်မြင့်အဆောက်အအုံတစ်ခု့၌ အောက်တိုဘာ ၉ ရက်အစောပိုင်းတွင် မီးလောင်ကျွမ်းမှုကြောင့် လူ ၈၈ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း အစိုးရအရာရှိများကပြောဆိုခဲ့သည်။

မီးလောင်မှုဗီဒီယိုမှတ်တမ်းအရ ကြီးမားသော လိမ္မော်ရောင်မီးတောက် မီးလျံများသည် ၃၃ ထပ်ရှိသော အဆောက်အအုံတစ်လျှောက် ခေါင်မိုးအထိ လောင်ကျွမ်းခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်များသည် အောက်ခြေမှနေ၍ ငြှိမ်းသတ်ရန် ကြိုးပမ်းခဲ့ကြသည်။

သေဆုံးမှုနှင့် စိုးရိမ်ဖွယ်ရာဒဏ်ရာရသူစာရင်းကို ချက်ချင်း ထုတ်ပြန်ခြင်းမရှိပေ။ လူရာပေါင်းများစွာကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ပြီး ခေါင်မိုးနှင့် နေရာလွတ်များတွင် ပုန်းခိုနေသော လူ ၇၇ ဦးကို မီးသတ်သမား များက ကယ်တင်နိုင်ခဲ့ကြသည်။

ဒဏ်ရာအနည်းငယ်ရရှိသူ ၈၈ ဦးရှိခဲ့ကြောင်း တောင်ကိုရီးယားပြည်ထဲရေးနှင့် လုံခြုံရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီး ပွန်းပဲ့ဒဏ်ရာနှင့် မီးခိုးမွှန်ခြင်းကဲ့သို့ ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။ မီးလောင်မှုနှင့်ပတ်သက်၍ အာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။

လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း တောင်ကိုရီးယား၌ လုံခြုံရေးဆိုင်ရာစည်းမျဉ်းလိုက်နာမှု အားနည်းမှုများကြောင့် မီးအကြီးအကျယ်လောင်ကျွမ်းမှုများရှိခဲ့သည်။ ဧပြီတွင် ဆိုးလ်မြို့အရှေ့တောင်ဘက် အင်ချွန်းရှိ ကုန်လှောင်ရုံတစ်ရုံ၌ မီးလောင်မှုကြီးတစ်ခု ဖြစ်ပွားခဲ့ပြီး အလုပ်သမား ၃၈ ဦး သေဆုံးခဲ့သည်။ ၂၀၁၈ ခုနှစ်တွင်လည်း ဆေးရုံတစ်ရုံ၌ မီးလောင်မှုကြောင့် လူ ၃၇ ဦး သေဆုံးခဲ့သည်။ အေပီ