ဝါရှင်တန် အောက်တိုဘာ ၉ - အီရန်ဘဏ် ၁၈ ခုအပါအဝင် အီရန်၏ဘဏ္ဍာရေးကဏ္ဍအပေါ် ပစ်မှတ်ထားသည့် အရေးယူပိတ်ဆို့မှုသစ်များကို အမေရိကန်ပြည်ထောင်စုက အောက်တိုဘာ ၈ ရက်တွင် ချမှတ်လိုက်ပြီဖြစ်သည်။
ယခုပိတ်ဆို့မှုကြောင့် ယင်းဘဏ်များ၏အမေရိကန်ပြည်ထောင်စုရှိ ပိုင်ဆိုင်မှုများကို ပိတ်သိမ်းပြီး အမေရိကန်နိုင်ငံသားများအနေဖြင့် ယင်းဘဏ်များနှင့် လုပ်ငန်းတွဲဖက်လုပ်ကိုင်ခွင့်ရမည်မဟုတ်ချေ။ ထို့ပြင် ယင်းဘဏ်များနှင့် အလုပ်တွဲဖက်လုပ်ကိုင်သူများအပေါ်ကိုလည်း ပိတ်ဆို့မှုများ ချမှတ်မည်ဖြစ်သည်။ ယင်းကြောင့် နိုင်ငံခြားဘဏ်များသည် အမေရိကန်ဈေးကွက်နှင့် ဘဏ္ဍာရေးစနစ်သို့ ဝင်ရောက်ခွင့်ဆုံးရှုံးမည်ဖြစ်သည်။
အီရန်သို့ စိုက်ပျိုးရေးထုတ်ကုန်၊ အစားအစာ၊ ဆေးဝါးနှင့် ဆေးကုရေးပစ္စည်းများရောင်းချမှုတို့အပေါ် သက်ရောက်မှုရှိမည်မဟုတ်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ COVID-19 ကူးစက်မှုအတွင်း အခြေခံလိုအပ်ချက်များအတွက် အီရန်ပေးဆောင်လို့မရစေရန် အမေရိကန်က လုပ်ဆောင်လိုက်ခြင်းသာဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗတ် ဇာရစ်က ပြောဆိုခဲ့သည်။
အမေရိကန်ပြည်ထောင်စုသည် အီရန်ပြည်သူများ ငတ်ပြတ်အောင် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဇာရစ်ကပြောဆိုခဲ့သည်။ အမေရိကန်၏လုပ်ရပ်သည် နိုင်ငံရေးအရ ဝါဒဖြန့်ချိမှုဖြစ်ပြီး အီရန်အပေါ် ဆိုးရွားစွာ ထိခိုက်မှုရှိလာမည်မဟုတ်ကြောင်း အီရန်ဗဟိုဘဏ်အုပ်ချုပ်ရေးမှူး အက်ဒိုနာဆာ ဟမ်မာတီကပြောဆိုခဲ့သည်။
အမေရိကန်ပိတ်ဆို့မှု၏ဒုတိယအကျိုးသက်ရောက်မှုကြောင့် ဥရောပနှင့် အခြားနိုင်ငံခြားဘဏ်များသည် အီရန်နှင့် လုပ်ငန်းတွဲဖက်လုပ်ကိုင်ခွင့် ပိတ်ပင်ခံရတော့မည်ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်သည်။ အေပီ

















