ပြင်သစ်ရှိ နောက်ထပ်မြို့ကြီးလေးမြို့၌ ကူးသန်းသွားလာမှုပိတ်ပင်ချက် ချမှတ်

ပြင်သစ်ရှိ နောက်ထပ်မြို့ကြီးလေးမြို့၌ ကူးသန်းသွားလာမှုပိတ်ပင်ချက် ချမှတ်

ပါရီ အောက်တိုဘာ ၉ - ပြင်သစ်အစိုးရသည် COVID-19 ကူးစက်မှုနှုန်းမြင့်တက်လာသည့်အတွက် နောက်ထပ် မြို့ကြီး လေးမြို့တွင် COVID-19 ဆိုင်ရာ တင်းကျပ်သော ကူးသန်းသွားလာမှုပိတ်ပင်ချက်များကို ချမှတ်ခဲ့ကြောင်း သိရသည်။

လိုင်ယွန်၊ လစ်လီ၊ ဂရဲနိုဘယ်နှင့် ဆန်တီယံ မြို့များသည် အောက်တိုဘာ ၁၀ ရက်နေ့မှ စတင်ပြီး အမြင့်မားဆုံးတင်းကျပ်မှု ထုတ်ပြန်ထားသည့် နေရာများ ဖြစ်လာမည်ဖြစ်သည်။

မာဆေးလ်၌ လွန်ခဲ့သောလတွင် လုပ်ဆောင်ခဲ့ပြီး ပါရီ၌ လွန်ခဲ့သောအပတ်တွင် လုပ်ဆောင်ခဲ့သည့်အတိုင်း ဘားများနှင့် စားသောက်ဆိုင်များအားလုံး ပိတ်သိမ်းထားရမည်ဖြစ်သည်။ တစ်ရက်အတွင်း ကူးစက်သူသစ် ၁၈၁၂၉ ဦးအထိ မြင့်တက်ခဲ့ပြီးနောက် ယခုကြေညာချက်ကို ထုတ် ပြန်ခဲ့ခြင်းဖြစ်သည်။

‘’ လွန်ခဲ့တဲ့ရက်တွေအတွင်း မြို့ကြီးအချို့မှာ အခြေအနေတွေ ဆိုးရွားခဲ့ပါတယ်။ နေ့တိုင်းမှာ ပိုးတွေ့လူနာတွေ ပိုပိုပြီး များလာပါတယ်’’ ဟု ပြင်သစ်ကျန်းမာရေးဝန်ကြီး အိုလီဗီယာ ဗာရန်က ပြောဆိုခဲ့သည်။

လူ ၁၀၀၀၀၀ တွင် ပိုးတွေ့လူနာ ၂၅၀ ဦး ရှိကာ အထူးကြပ်မတ်ကုသဆောင်ခုတင် ၃၀ ရာခိုင်နှုန်းကို COVID-19 လူနာများအတွက် အရန်သင့်ထား ရှိခဲ့ရပြီးနောက် ပြင်သစ်သည် အမြင့်မားဆုံးသော တင်းကျပ်မှုများ ချမှတ်ခဲ့ရသည်။ အထူးကြပ်မတ်ကုသဆောင်ခုတင် ရာခိုင်နှုန်း ၅၀ နီးပါး လူနာများရှိနေ ခဲ့ခြင်းကြောင့် ပါရီရှိ ဆေးရုံများသည် အောက်တိုဘာ ၈ ရက်တွင် အရေးပေါ်အခြေအနေအတွက် အသင့်ပြင်ဆင်ခဲ့ရသည်။ အေပီ