ဝါရှင်တန် အောက်တိုဘာ ၉ - COVID-19 ကူးစက်ခံထားရသူတစ်ဦးနှင့် အနီးကပ်ထိတွေ့မှုရှိခဲ့ပြီးနောက် အမေရိကန်စစ်ဦးစီးချုပ်များအဖွဲ့ ပူးတွဲဥက္ကဋ္ဌသည် သီးခြားနေထိုင်နေရကြောင်း သိရသည်။
သို့သော် အမေရိကန်နှင့် မဟာမိတ်များအတွက် ကာကွယ်ရေးလုပ်ငန်းစဉ်များ အဆင်သင့်အနေ အထားတွင် ရှိနေဆဲဖြစ်ကြောင်း ဗိုလ်ချုပ် မာ့ခ် မီလေက ပြောဆိုခဲ့သည်။ COVID-19 ကူးစက်ခံထားရသော ကမ်းခြေေစောင့်တပ်ဖွဲ့အရာရှိတစ်ဦးနှင့် ထိတွေ့ဆက်ဆံခဲ့ရပြီးနောက် ပူးတွဲစစ်ဦးစီးချုပ် ဗိုလ်ချုပ် မာ့ခ် မီလေနှင့် ပင်တဂွန် ထိပ်တန်းအဆင့်မြင့်အရာရှိကြီးများသည် ယခုသီတင်းပတ် အစောပိုင်းမှ စတင်ကာ သီးခြားစီခွဲ၍ နေထိုင်ခဲ့ကြသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အပါအဝင် အိမ်ဖြူတော်တွင်း COVID-19 ကူးစက်သူများ ရှိနေသော်လည်း အမေရိကန်သည် အမိမြေနှင့် မဟာမိတ်များအပေါ် ကာကွယ်ပေးရန်အတွက် အဆင်သင့်အနေအထားတွင် ရှိနေဆဲဖြစ်ကြောင်း မီလေက တွစ်တာ၌ ရေးသားခဲ့သည်။
‘’သီးခြားခွဲနေထိုင်နေစဉ် အတောအတွင်းမှာ ကျွန်တော်နဲ့ စစ်တပ်အဆင့်မြင့်အရာရှိကြီးတွေဟာ အမြဲတမ်း အဆက်အသွယ်မပြတ် ရှိခဲ့ပါတယ်။ နောက်ပြီး ဆင့်ကဲညွှန်ကြားမှုတွေကလည်း အရင်အတိုင်းပဲ ရှိနေပါတယ်။ အမိမြေကာကွယ်ရေးအတွက် အချိန်ကိုက်လှုပ်ရှားမှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေ၊ ထိရောက်မှုရှိတဲ့ အစီအစဉ်တွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ စွမ်းဆောင်မှုအပေါ် ဂယက်ရိုက်တာမျိုး မရှိပါဘူး’’ ဟု ဗိုလ်ချုပ် မီလေက ပြောကြားခဲ့သည်။
စစ်ပွဲအတွင်း ကျဆုံးခဲ့သော စစ်သည်များ၏ မိသားစုဝင်များအတွက် အိမ်ဖြူတော်၌ ကျင်းပသည့် ဂုဏ်ပြုအခမ်းအနားတစ်ခုတွင် ကမ်းခြေစောင့်တပ်မှ ဗိုလ်ချုပ် ချားလ်စ် ရေးပါဝင်ခဲ့ပြီးနောက် အမေရိကန် စစ်တပ် အတွင်း၌ COVID-19 စိုးရိမ်မှုမှာ မြင့်တက်လာခဲ့သည်။ အေပီ

















