အလွန်အမင်းဆင်းရဲမွဲတေသူ သန်း ၁၅၀ ခန့်တိုးလာနိုင်ကြောင်း ကမ္ဘာ့ဘဏ်ခန့်မှန်း

အလွန်အမင်းဆင်းရဲမွဲတေသူ သန်း ၁၅၀ ခန့်တိုးလာနိုင်ကြောင်း ကမ္ဘာ့ဘဏ်ခန့်မှန်း

ဂျိုဟန်နစ္စဘတ် အောက်တိုဘာ -COVID-19 ကပ်ရောဂါကာလအတွင်း စီးပွားရေးဆိုးရွားစွာ ယုတ်လျော့မှုများကြောင့် ၂၀၂၁ နှောင်းပိုင်းရောက်ရှိချိန်တွင် တစ်ရက်ဝင်ငွေ ၁ ဒသမ ၉ ဒေါ်လာအောက်ရှိသော အလွန်အမင်းဆင်းရဲမွဲတေသူ သန်း ၁၅၀ ခန့် ရှိလာနိုင်ကြောင်း ကမ္ဘာ့ဘဏ်က အောက်တိုဘာ ၇ ရက်တွင် ထုတ်ပြန်ခဲ့ သည်။

အိန္ဒိယ၊ နိုင်ဂျီးရီးယားနှင့် အင်ဒိုနီးရှားတို့အပါအဝင် ဝင်ငွေအလယ်အလတ်အဆင့် နိုင်ငံများ၌ ဆင်းရဲမွဲတေသူသစ် ၈၂ ရာခိုင်နှုန်းအထိ ရှိလာနိုင်ကြောင်း မျှော်မှန်းထားသည်။ ဆင်းရဲမွဲတေသူသစ်များထဲတွင် မြိုပြ၌ နေထိုင်သူ ပညာတတ်များ ပိုမိုပါဝင်လာမည်ဖြစ်သည်။ အစဉ်အလာအားဖြင့် ကျေးလက်များတွင်သာ အလွန်အမင်းဆင်းရဲမွဲတေသူများပြားခဲ့သော်လည်း လာမည့်လများအတွင်း မြို့ပြ၌ အလွန်အမင်းဆင်းရဲမွဲတေသူဦးရေ များပြားလာမည်ဖြစ်သည်။

ကမ္ဘာ့ဘဏ်၏ အကြမ်းဖျင်း ခန့်မှန်းတွက်ချက်မှုအရ တိုးမြင့်လာမည့် ဆင်းရဲမွဲတေသူသစ် သန်း ၁၀၀ ကျော်သည် တောင်အာရှနှင့် ဆာဟာရသဲကန္တာရတောင်ပိုင်း အာဖရိကနိုင်ငံများမှဖြစ်ကြောင်း သိရသည်။

ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝန်း အလွန်အမင်းဆင်းရဲမွဲတေသူပပျောက်ရေး လုပ်ဆောင်မှုများ ရပ်ဆိုင်းခဲ့ရသဖြင့် နှစ်ပေါင်း ၂၀ ကျော်ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ယခုနှစ်တွင် အလွန်အမင်းဆင်းရဲမွဲတေသူဦးရေ မြင့်တက်လာမည်ဟု ခန့်မှန်းမှုများရှိနေသည်။ ကမ္ဘာလုံးဆိုင်ရာ လူတန်းစား မညီမျှမှုအခြေအနေပိုမိုဆိုးရွားလာနိုင်ပြီး နိုင်ငံများအနေဖြင့် စီးပွားရေးပြန်လည်ဦးမော့လာရန် ပိုမိုခက်ခဲသွားမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ဒေးဗစ်မဲလ်ပက်စ်က ပြောဆိုခဲ့သည်။

ကမ္ဘာ့စီးပွားတိုးတက်မှုနှုန်းသည် ယခုနှစ်တွင် ၅ ဒသမ ၂ ရာခိုင်နှုန်း အထိ ကျဆင်းပြီး လွန်ခဲ့သော နှစ်ပေါင်း ၈၀ အတွင်း အဆိုးရွားဆုံးဖြစ်လာနိုင်ကြောင်း ခန့်မှန်းထားသည်။ အေပီ