ဝါရှင်တန် အောက်တိုဘာ ၉ - အမေရိကန်သမ္မတဒေါ်နယ်ထရမ့်အား COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကုသပေးမှုအပြီးသတ်ပြီဖြစ်ပြီး သမ္မတသည် အများပြည်သူဆိုင်ရာအခမ်းအနားများတွင် ပြန်လည်ပါဝင်လို့ရပြီဖြစ်ကြောင်း အိမ်ဖြူတော်ဆရာဝန်က ပြောဆိုခဲ့ပြီးနောက် ထရမ့်သည် အောက်တိုဘာ ၁၀ ရက်တွင် မဲဆွယ်စည်းရုံးမှုများပြန်လည်စတင်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
လွန်ခဲ့သောတစ်ပတ်လုံးလုံး ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိခဲ့ပြီးနောက် အောက်တိုဘာ ၉ ရက်တွင် ပိုးရှိမရှိ စစ်ဆေးမှုခံယူမည်ဖြစ်ကြောင်း ထရမ့်က Fox News နှင့်ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းတွင်ပြောဆိုခဲ့သည်။ သမ္မတတွင် ပိုးတွေ့ရှိခြင်းရှိမရှိကို မေးမြန်းသည့်အခါ အိမ်ဖြူတော်က ဖြေဆိုခြင်းမပြုခဲ့ချေ။
အောက်တိုဘာ ၁၀ ရက်တွင် ဖလော်ရီဒါ၊ အောက်တိုဘာ ၁၁ ရက်တွင် ပင်ဆီဗေးနီးယားတို့၌ အပါအဝင် လာမည့်ရက်ပိုင်းအတွင်း မဲဆွယ်စည်းရုံးမှုများကို ပြန်လည်ပြုလုပ်နိုင်မည်ဟု မျှော်လင့်ထားကြောင်း ထရမ့်က အသံခပ်အက်အက်ဖြင့် ပြောဆိုခဲ့သည်။
ထရမ့်သည် COVID-19 ကုသမှု ဆေးပတ်လည်သွားပြီဖြစ်ကြောင်း အိမ်ဖြူတော် ဆရာဝန် ရှောင် ကွန်လေက အောက်တိုဘာ ၈ ရက်တွင် ပြောဆိုခဲ့သည်။ ထရမ့်သည် အောက်တိုဘာ ၂ ရက်တွင် COVID-19 ဖြင့် ဆေးရုံတင်ကုသမှုခံယူခဲ့ရပြီး အောက်တိုဘာ ၅ ရက်တွင် အိမ်ဖြူတော်သို့ ပြန်လာခဲ့သည်။ ရီလွင်

















