၂၀၂၀ ပြည့်နှစ်အတွက် ငြိမ်းချမ်းရေးဆိုင်ရာ နိုဘယ်လ်ဆု ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် ရရှိ

၂၀၂၀ ပြည့်နှစ်အတွက် ငြိမ်းချမ်းရေးဆိုင်ရာ နိုဘယ်လ်ဆု ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် ရရှိ

အော်စလို အောက်တိုဘာ ၉ - အငတ်ဘေးတိုက်ဖျက်ရေး လုပ်ဆောင်ပေးခဲ့ပြီး ပဋိပက္ခဖြစ်ပွားရာနေရာများ၌ ငြိမ်းချမ်းရေးရရှိရန် အခြေအနေကောင်းများဖန်တီးပေးခဲ့သည့်အတွက် ၂၀၂၀ ပြည့်နှစ် ငြိမ်းချမ်းရေးဆိုင်ရာ နိုဘယ်လ်ဆုကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)ရရှိကြောင်း နော်ဝေနိုဘယ်လ်ဆုရွေးချယ်ရေးကော်မတီက အောက်တိုဘာ ၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ယခုနှစ် ငြိမ်းချမ်းရေးဆိုင်ရာ နိုဘယ်လ်ဆုနှင့်ပတ်သက်၍ နော်ဝေနိုဘယ်လ်ဆုရွေးချယ်ရေးကော်မတီသည် အငတ်ဘေးကြုံနေရသူသန်းပေါင်းများစွာအား အကူအညီပေးနေသည့် အဖွဲ့ကြီးတစ်ဖွဲ့ကို ရွေးချယ်ခဲ့ကြောင်း နိုဘယ်လ်ကော်မတီဥက္ကဋ္ဌ ဘဲရစ် ရိုက်စ် အန်ဒါဆင်က ပြောဆိုခဲ့သည်။

WFP သည် အငတ်ဘေးတားဆီးရေး၊ ပဋိပက္ခဖြစ်ပွားရာနေရာများ၌ ငြိမ်းချမ်းရေးပေါ်ထွန်းလာစေရန် ကြိုးပမ်းပေးခြင်းနှင့် ပဋိပက္ခအတွင်း အငတ်ဘေးကို လက်နက်အဖြစ် အသုံးချမှုတားဆီးရေးတို့တွင် စွမ်းစွမ်းတမန်ဆောင်ရွက်ခဲ့ကြောင်း ကော်မတီ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

WFP သည် အစားအစာများကို ရဟတ်ယာဉ်များ၊ ကုလားအုတ်များ၊ ဆင်များဖြင့် တင်ဆောင်ကာ ပဋိပက္ခဖြစ်ပွားရာနေရာများသို့ ပို့ဆောင်ပေးခဲ့ပြီး လူသားချင်းစာနာထောက်ထားအကူအညီပေးမှုဆိုင်ရာအဖွဲအ့စည်းများတွင် အားထုတ်မှုအရှိဆုံး အဖွဲ့ဖြစ်ခဲ့သည်။ လူ သန်း ၆၉၀ သို့မဟုတ် လူ ၁၁ ဦးလျှင် တစ်ဦးသည် ညစာမစားရဘဲ အိပ်ရာဝင်နေရကြောင်း အဖွဲ့က ခန့်မှန်းထားသည်။

၁၉၆၁ ခုနှစ်တွင် တည်ထောင်ခဲ့သည့် WFP သည် ကုလသမဂ္ဂအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ယမန်နှစ်တွင် လူ ၉၇ သန်းကို ကူညီခဲ့သည်။

ရီလွင် ဘာသာပြန်သည်။