ခင်ဦးမြို့နယ်တွင် ကား နှင့် ဆိုင်ကယ်ချိတ်မိရာ ဆိုင်ကယ်နောက် လိုက်ပါလာသူ အမျိုးသမီးတစ်ဦး ကားကြိတ်မိသေဆုံးခဲ့သည်ဆိုမှုကို အရေးယူထားကြောင်း အောက်တိုဘာ ၉ ရက်နေ့တွင် ရဲတပ်ဖွဲ့မှ သိရသည်။
အောက်တိုဘာ ၈ ရက်နေ့ ညနေ ၄ နာရီခွဲခန့်တွင် ခင်ဦးမြို့နယ်၊မကျီးတုံကျေးရွာ နေ ခင်ဦး- သင်ပေါင်း ကားလမ်းမိုင်တိုင်အမှတ်(၄/၀)နှင့်(၃/၇)ကြားတွင် ယာဉ်တိုက်မှုဖြစ်ကာ လူသေဆုံးကြောင်း သတင်းအရ ဒုရဲအုပ် ချစ်ကိုဇော် နှင့်အဖွဲ့က သွားရောက် စစ်ဆေးခဲ့ သည်။အဆိုပါနေရာတွင် မပျိုပျို (၂၃) နှစ်မှာခန္ဓာကိုယ်အလယ်ပိုင်းတွင် ကြေမွ ပျက်စီးသော ဒဏ်ရာများဖြင့် အခင်း ဖြစ်နေရာတွင် သေဆုံးနေသည်ကို တွေ့ရသည်။
စုံစမ်းချက်အရ ခင်ဦးမြို့နေသူ ယာဉ်မောင်း နန်းဝေစိုး(ခ)ဖိုးထော် (၂၀) နှစ် မောင်းနှင်သည့် CHENGLONG အမျိုးအစားအဖြူရောင်ယာဉ် အရှေ့မှအနောက်သို့မောင်းနှင်လာစဉ် ခင်ဦးမြို့နယ် အလယ်ရှိုကျေးရွာနေ မောင်ကြီး (၂၉) နှစ်နှင့် မပျိုပျို (၂၃) နှစ်တို့ လိုက်ပါမောင်းနှင်လာသည့် SHAYAN-125 ဆိုင်ကယ်ဖြင့် ရှောင်းတိမ်းစဉ် ကား၏ဝဲဘက်ခြမ်း နောက်ဘီးဖြင့်ချိတ်မိ၍ လဲကျသွားခဲ့သည်။ဆိုင်ကယ်နောက်မှလိုက်ပါလာသော မပျိုပျို မှာ ကားနောက်ဘီးနှင့် တက်ကြိတ်မိပြီး ၁၅ ပေကျော် ခန့် ဒရွတ်တိုက်ပါကာ သေဆုံးခဲ့ကြောင်းသိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ နန်းဝေစိုး(ခ)ဖိုးထော်နှင့် မောင်ကြီး ၂ ဦးကို အရေးယူပေးရန် ဒုရဲအုပ်ချစ်ကိုဇော်မှ တိုင်ကြားခဲ့သည်။ခင်ဦးမြို့မရဲစခန်းမှယာဉ်(ပ)၂၄/၂၀၂၀ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၃၇/၃၀၄-က အရ အမှုဖွင့် ဖမ်းဆီးအရေး ယူထားသည်။
















