ပြည်သူများ၏ကျန်းမာရေး လုံခြုံမှုရရှိရေးအတွက် အမြဲပင်စဉ်းစားလျက်ရှိဟု အတိုင်ပင်ခံဆို

ပြည်သူများ၏ကျန်းမာရေး လုံခြုံမှုရရှိရေးအတွက် အမြဲပင်စဉ်းစားလျက်ရှိဟု အတိုင်ပင်ခံဆို

အစိုးရအနေဖြင့် ပြည်သူများ၏ကျန်းမာရေး၊ စီးပွားရေး၊ နိုင်ငံရေးစသည့်ကဏ္ဍအသီးသီးအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ကြိုးစားနေသကဲ့သို့ ပြည်သူများ၏ ကျန်းမာရေးလုံခြုံမှုအတွက်လည်း အမြဲပင်စဉ်းစားလျက်ရှိကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကအောက်တိုဘာ ၉ ရက် ညပိုင်းကပြည်သူသို့ အစီရင်ခံသည့် မိန့်ခွန်းအတွင်း ထည့်သွင်းပြောဆိုခဲ့သည်။

''အစိုးရိမ်မလွန်ပါနဲ့၊ သတိတော့ထားပါ။ နေ့တိုင်းနေ့တိုင်း၊ ကျွန်မတို့ဟာအဆက်မပြတ် တစ်ချိန်လုံးကို ဒီရောဂါနဲ့ပတ်သက်လို့ ကျွန်မတို့ပြည်သူတွေရဲ့လုံခြုံရေးအတွက် အမြဲပဲစဉ်းစားနေပါတယ်။ ကျွန်မတို့ရဲ့ ပြည်သူတွေရဲ့ကျန်းမာရေး၊ စီးပွားရေး၊ နောက် နိုင်ငံရေးပေါ့နော် ရွေးကောက်ပွဲက နိုင်ငံရေးနဲ့ဆိုင်တာပေါ့။ လိုအပ်ချက်တွေအသီးသီးကို အားလုံးကိုဖြည့်ဆည်းပေးနိုင်ဖို့အတွက် ကျွန်မတို့ကြိုးစားနေပါတယ်ဆိုတာ ပြောချင်ပါတယ်'' ဟု၎င်းက ပြောသည်။

ထို့ပြင် တစ်ပတ်လျှင်သုံးကြိမ်ခန့်ထုတ်လွှင့်ပေးနေသည့် COVID-19 ကျန်းမာရေးအသိပညာ ဆွေးနွေးမေးမြန်းခန်းကိုလည်း ပုံစံပြောင်းလဲကာတင်ဆက်သွားမည်ဟုဆိုသည်။ ထိုအစီအစဉ်၌ COVID-19 ပျောက်ကင်းသွားသူများကို အလှည့်ကျပါဝင်စေပြီး၎င်းတို့၏ COVID-19 ရောဂါဖြစ်ပွားစဉ်ကာလအတွင်း ရင်ဆိုင်ကျော်လွှားခဲ့ပုံများနှင့်ပတ်သက်၍ မျှဝေပုံများကို ထုတ်လွှင့်သွားမည်ဖြစ်သည်။

လာမည့် ရွေးကောက်ပွဲကာလအတွင်း အသက်(၆ဝ)နှင့်အထက် သက်ကြီးရွယ်အိုများအား ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက်လည်း စီစဉ်ထားသည့်အပြင် ပြည်သူများ လုံခြုံစိတ်ချစွာဖြင့်မဲပေးနိုင်မည့်အစီစဉ်များကိုလည်း စီစဉ်ထားကြောင်းပြောသည်။ လက်ရှိအချိန်တွင် COVID-19 ကာကွယ်ရေးလုပ်ငန်းများအတွက် လိုအပ်သည့်ဆေးများရရှိရေးအတွက်လည်း ဆောင်ရွက်နေကြောင်းလည်း ပြောဆိုသည်။

''နိုင်ငံတော်ကတော့ ပြည်သူတွေရဲ့ကျန်းမာရေးကို အတတ်နိုင်ဆုံးဂရုစိုက်ပါတယ်။ ဂရုစိုက်ပေမယ့် နည်းနည်းကြွားသလိုဖြစ်ပေမယ့် ပြောရမယ်ဆိုရင်ကျွန်မတို့ကနေပြီး အမေရိကန်သမ္မတကြီးသုံးနေတယ်ဆိုတဲ့ဆေးကို ကျွန်မတို့ပြည်သူတွေအတွက် သုံးနေပါတယ်''ဟု ၎င်းက ပြောသည်။

အဆိုပါဆေးသည် အိန္ဒိယနိုင်ငံမှထုတ်လုပ်သည့် Remdesivir ဆေးဖြစ်ပြီး မြန်မာနိုင်ငံမှဝယ်ယူထားမှုများရှိသကဲ့သို့ အိန္ဒိယနိုင်ငံမှလည်းလှူဒါန်းထားသည်များရှိကြောင်းနှင့် လိုအပ်ပါကထပ်မံဝယ်ယူ၍ သုံးသင့်သုံးထိုက်သည့်ပြည်သူများအတွက် အသုံးပြုသွားမည်ဟုလည်း ပြောသည်။ ရောဂါကူးစက်မှုများ လျော့ကျသွား ပြီး စိတ်ချရသည့်အခြေအနေမျိုးတွင် စက်ရုံ၊ အလုပ်ရုံများကို သက်ဆိုင်ရာကစိစစ်၍ အမြန်ဆုံးဖွင့်လှစ်နိုင်ရေးအတွက်လည်း ဆောင်ရွက်မည်ဟု ပြောဆိုသည်။

လက်ရှိအချိန်၌ ပြည်သူများအနေဖြင့် သက်ဆိုင်ရာက ချမှတ်ထားသည့်စည်းကမ်းချက်များနှင့်အညီ နေထိုင်ရန်နှင့် COVID-19 လုပ်ငန်းစဉ်များအတွင်း ပူးပေါင်းကူညီဆောင်ရွက်သူတစ်ဦးချင်းစီတိုင်းအား ကျေးဇူးတင်ရှိကြောင်း ပြောဆိုခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး