တွံတေးမြို့နယ်တွင် အလုပ်ရှင်က ဆဲဆိုသည်ကို မကျေနပ်သဖြင့် အလုပ်သမားက အလုပ်ရှင်ကို တုတ်ဖြင့်ရိုက်သတ်ခဲ့သည်ဆိုမှုကို ဖမ်းဆီးအရေးယူထားကြောင်း အောက်တိုဘာ ၁၀ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။
တွံတေးမြို့နယ်၊အလံအုပ်ကျေးရွာနေ ဦးအောင်စိုးမှာ အောက်တိုဘာ ၆ ရက်နေ့ ညနေ ၅ နာရီ အချိန်ခန့်တွင်နေအိမ်ခြံဝင်းအတွင်း ဒဏ်ရာများဖြင့် သေဆုံး နေကြောင်း သတင်းအရ ရဲတပ်ဖွဲ့က သွားရောက်စစ် ဆေးခဲ့သည်။ဦးအောင်စိုးတွင် နောက်စေ့ပေါက်ပြဲ ဒဏ်ရာဦးခေါင်းကွဲဒဏ်ရာများရရှိသေဆုံးနေသည်ကိုတွေ့ရသည်။
စုံစမ်းချက်အရ ဦးအောင်စိုး၏နေအိမ်ခြံဝန်းအတွင်း၌စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်နေသည့် ခြံသန့်ရှင်းရေး ကိုင်နေသူ ဝင်းမြင့်ဆွေ နှင့် ခြံရှင် ဦးအောင်စိုးတို့ စကားများစဉ် ဦးအောင်စိုးက ဆဲဆိုခဲ့ကြောင်း၊ ထိုသို့ဆဲဆိုသည်ကို မကျေနပ်၍ ဝင်းမြင့်ဆွေက သစ်သားတုတ်ဖြင့် ဦးအောင်စိုး၏ဦးခေါင်းကို ရိုက်နှက်ခဲ့ရာက ဦးအောင်စိုးတွင် ဒဏ်ရာများရရှိကာသေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
သက်ဆိုင်ရာက ပြစ်မှုကျူးလွန်သူကို ဝင်းမြင့်ဆွေ(၂၂)နှစ်ကို ဖမ်းဆီးခဲ့ပြီး တွံတေးမြို့မရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၀၂ ဖြင့်အမှုဖွင့်အရေးယူထားသည်။

















