ဗဟန်းမြို့နယ်နေဆရာဝန်မတစ်ဦးထံမှ ဘဏ်အကောင့် လျှိုဝက်နံပါတ် တောင်းယူကာ ကျပ် သိန်း ၅၀ လိမ်လည်ထုတ်ယူသွားသူကို မြဝတီမြို့ တွင်ဖမ်းဆီးရမိခဲ့ကြောင်း အောက်တိုဘာ ၁၀ ရင်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။
စက်တင်ဘာ ၂၀ ရက်နေ့ ညနေပိုင်း တွင် ရန်ကုန်မြို့ပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်မတစ်ဦးထံသို့ အမျိုးသားတစ်ဦးက ဖုန်းဖြင့်ဆက်သွယ်၍၎င်းမှာ မင်းရဲကျော်စွာ လမ်းရှိ KBZ ဘဏ်ခွဲမှ ဝန်ထမ်းတစ်ဦး ဖြစ်ကြောင်းပြောပြီး ဒေါက်တာအသုံးပြုနေသည့် KBZ pay အကောင့်မှာ အဆင့်-၂ အဆင့်သာရှိသဖြင့် အဆင့် ၃ အဆင့်သို့ ပြောင်းလဲမှသာ ငွေသွင်း/ထုတ်အဆင်ပြေနိုင်မည်ဟု ပြောဆိုကာ KBZ pay အကောင့်၏ password ကိုတောင်းခံခဲ့သည်။
ဆရာဝန်မဖြစ်သူကလည်းယုံကြည်၍ password ပေးခဲ့သည်။ထို့နောက် ၎င်း၏ KBZ Pay အကောင့်ကို ပြန်လည်စစ်ဆေးခဲ့ရာ ထည့်သွင်းထားသည့် ကျပ် ၅၃ သိန်း အနက် ငွေကျပ်သိန်း ၅၀ အား U Chit San အမည်ပါဘဏ်အကောင့်သို့ လွှဲပြောင်းထုတ်ယူခဲ့ကြောင်း စစ်ဆေးသိရှိရသောကြောင့်အရေးယူပေးရန်တိုင်ကြားခဲ့သည်။
ဗဟန်းမြို့မရဲစခန်း၏ (ပ)၁၁၀၈/၂၀ ၂၀၊ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဂ)အရ အမှုဖွင့် စုံစမ်းခဲ့ရာ ပြစ်မှူကျုးလွန်သူ U Chit San အကောင့်အမည်ပိုင်ရှင်မှာ မြဝတီမြို့တွင် ရှိနေသောကြောင့် ဗဟန်းမြို့မရဲစခန်းက ပြစ်မှူကျူးတိမ်းရှောင်နေသူကို ကူညီဖမ်းဆီးပေးရန်အတွက် အောက်တိုဘာ ၇ ရက်နေ့တွင်မြဝတီမြို့မရဲစခန်းသို့ ချိတ်ဆက် အကူညီတောင်းခဲ့သည်။
မြဝတီမြို့မရဲစခန်းမှ ဒုရဲအုပ် မင်းမင်းထွန်း နှင့် အဖွဲ့က မြဝတီမြို့ အမှတ်(၄) ရပ်ကွက်၊ ပဒုမ္မာလမ်းတွင် နေထိုင်သူ ငွေလွဲ/ ငွေထုတ်လုပ်ငန်းလုပ်ကိုင်သူ ကိုချစ်စံ (၃၇) နှစ် ဖြစ်ကြောင်း စုံစမ်းသိရသဖြင့် ဖမ်းဆီးအရေးယူခဲ့သည်။
၎င်းကို စစ်ဆေးချက်အရ ဘဏ်ဝန်းထမ်းအယောင် ဆရာဝန် အမျိုးသမီး၏ အကောင့်မှ ငွေကျပ် သိန်း ၅၀ ကို လိမ်လည်ထုတ် ယူခဲ့ကြောင်း ထွက်ဆိုခဲ့သည်။

















