ခတ္တမန္ဒူ အောက်တိုဘာ ၁၀ - နီပေါနိုင်ငံ၌ အောက်တိုဘာ ၉ ရက်အထိ COVID-19 ကူးစက်သူ ၁၀၀,၀၀၀ ကျော်ရှိနေပြီဖြစ်ပြီး လူဦးရေပိုမိုများပြားသော ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်တို့ထက် ကူးစက်သူဦးရေတိုးပွားမှုပိုမိုမြန်ဆန်နေသဖြင့် ကျန်းမာရေးစောင့်ရှောက်မှုအကျပ်အတည်းရှိလာနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတိပေးချက်ထုတ်ပြန်ထားသည်။
တရုတ်နှင့် အိန္ဒိယကြားတွင်တည်ရှိပြီး လူဦးရေ သန်း ၃၀ ခန့်ရှိသော နီပေါ၌ COVID-19 ကူးစက်သူ ၁၀၀,၆၇၆ ဦးနှင့် သေဆုံးသူ ၆၀၀ ခန့်ရှိနေပြီဖြစ်သည်။ အောက်တိုဘာ ၉ ရက်တွင် COVID-19 ရှိမရှိ ဓာတ်ခွဲနမူနာစစ်ဆေးမှု ၁၃,၂၇၉ ခုကို လုပ်ဆောင်ခဲ့ပြီးနောက် ကူးစက်သူသစ် ၂၀၅၉ ဦးနှင့် သေဆုံးသူ ၁၀ ဦးရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
နီပေါ၌ တစ်ရက်လျှင်ရှိနေသည့် ကူးစက်သူသစ်ဦးရေသည် လျှင်မြန်စွာတိုးပွားနေပြီး တောင်အာရှဒေသ၌ အိန္ဒိယပြီးနောက် ကူးစက်မှုအမြန်ဆန်ဆုံးဖြစ်နေကြောင်း ရိုက်တာ၏စာရင်းအင်းများအရသိရသည်။
ကူးစက်သူစုစုပေါင်းအနက် သုံးပုံတစ်ပုံသည် ခတ္တမန္ဒူနှင့် ပတ်ဝန်းကျင်ဒေသများမှဖြစ်ပြီး ကူးစက်သူများပြားလွန်းလာသဖြင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပြိုလဲသွားနိုင်ကြောင်း အာဏာပိုင်များက သတိပေးခဲ့ပြီးဖြစ်သည်။
ခတ္တမန္ဒူရှိ ကူးစက်မှုနှုန်း ဆက်လက်တိုးနေမည်ဆိုပါက ဆေးရုံများသည် ကုသမှုများကို ဆက်လက်ပြုလုပ်နိုင်တော့မည်မဟုတ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ပြောခွင့်ရှိသူ ဂျဂက်ရှ်ဝါ ဂေါက်တမ်ကပြောဆိုခဲ့သည်။ ခတ္တမန္ဒူ၊ လာလီပူရနှင့် ဗက်တာပူရမြို့များ၌ အထူးကြပ်မတ်ကုသဆောင်ခုတင် ၁၈၁ လုံးနှင့် အသက်ရှူအကူစက် ၇၆ ခုသာရှိနေကြောင်း ဂေါက်တမ်ကပြောဆိုခဲ့သည်။
နီပေါအစိုးရသည် ကူးစက်သူနှစ်ဦးရှိခဲ့ပြီးနောက် မတ်တွင် ကူးသန်းသွားလာမှုပိတ်ပင်ချက်များကို ချမှတ်ခဲ့မှုကြောင့် ကူးစက်မှုကိုထိန်းနိုင်ခဲ့သော်လည်း ဇွန်လတွင် စီးပွားရေးလုပ်ငန်းကို ပြန်လည်ဖွင့်လှစ်ခွင့်ပေးပြီး တင်းကျပ်မှုများကို ဖြေလျှော့ခဲ့ရာ အကျိုးဆက်အဖြစ် ကူးစက်သူသစ် အဆမတန်တိုးပွားလာခဲ့သည်။
အစိုးရသည် အများပြည်သူဆိုင်ရာ နေရာများတွင် နှာခေါင်းစည်းတပ်ရန်၊ တစ်ဦးနှင့် တစ်ဦးခပ်ခွာခွာနေရန်၊ လက်ကိုမကြာခဏဆေးကြောရန်အစရှိသည့် ကျန်းမာရေးစည်းမျဉ်းများကို လိုက်နာလာရေး ဖိအားပေးမရှိခဲ့သလို ကူးစက်သူများနှင့် အနီးကပ်ထိတွေ့ခဲ့သူများကိုလည်း သီးခြားနေထိုင်ရန် ညွှန်ကြားမှုမပြုခဲ့ကြောင်း ဝေဖန်မှုများရှိနေသည်။ အေပီ

















