အစ္စလာမာဘတ် အောက်တိုဘာ ၁၀ - ကိုယ်ကျင့်တရားပျက်စေသည့် အကြောင်းအရာများပါဝင်သဖြင့် ဗီဒီယိုတိုများဝေမျှနိုင်သည့် TikTok အက်ပလီကေးရှင်းကို ပိတ်ပင်ကြောင်း ပါကစ္စတန်အာဏာပိုင်များက အောက်တိုဘာ ၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။
တရုတ်ပိုင် TikTok သည် သီချင်းသီဆိုမှု၊ဖျော်ဖြေမှုများပါဝင်သည့် ဗီဒီယိုတိုလေးများကို ဝေမျှနိုင်သဖြင့် ပါကစ္စတန်သားလူငယ်များကြားတွင် လူကြိုက်များနေသည်။ သို့သော် ပါကစ္စတန်၌ အလွန်အမင်းရှေးရိုးစွဲဆန်သူများ ကြီးစိုးနေသဖြင့် မကြာသေးမီလများတွင် ဒိတ်လုပ်မှုနှင့်ဆိုင်သော အက်ပလီကေးရှင်းများဖြစ်သည့် Tinder နှင့် Grindr တို့ ပိတ်ပင်ခံခဲ့ရပြီး ယူကျုကိုလည်း ပိတ်သိမ်းမည်ဖြစ်ကြောင်း အစိုးရက ခြိမ်းခြောက်ထားသည်။
TikTok အနေဖြင့် ကိုယ်ကျင့်တရားပျက်စေသည့် အကြောင်းအရာများ၊ လိင်အသားပေးအကြောင်းအရာများကို ပိတ်ပင်ရမည်ဖြစ်ကြောင်း သတိပေးမှုနှစ်ခုကို လျစ်လျူရှုခဲ့သည့်အတွက် နိုင်ငံတွင်း ပိတ်ပင်ရန် ညွှန်ကြားလိုက်ပြီဖြစ်သည်ဟု ပါကစ္စတန်ဆက်သွယ်ရေးအာဏာပိုင်အဖွဲ့က အောက်တိုဘာ ၉ ရက်တွင် ပြောဆိုခဲ့သည်။
TikTok ၌ အမျိုးသမီးငယ်များသည် လိင်အသားပေးဖော်ပြမှုများကိုပြုလုပ်ခြင်း၊ အမြတ်ထုတ်ခံရခြင်းတို့ရှိနေသဖြင့် မိဘများ စိတ်ဆင်းရဲနေရကြောင်း ပါကစ္စတန်ဝန်ကြီးချုပ် အီမရန် ခန်း၏ဒီဂျစ်တယ်မီဒီယာအကြံပေး အာစ်လန် ခါလစ်ကပြောဆိုခဲ့သည်။
ယခုအပတ်အစောပိုင်းတွင် ပါကစ္စတန်၌ TikTok အသုံးပြုသူ ဂျန်နတ် မီရ်ဇာကို ဖောလိုးလုပ်သူ ၁၀ သန်းအထိရှိလာခဲ့သည်။ TikTok သည် အခြေခံလူတန်းစား၊ လူလတ်တန်းစားနှင့် စာမတတ်သည့် နိုင်ငံသားများအတွက် အဓိကဖျော်ဖြေရေးဖြစ်လာခဲ့ကြောင်း ဒီဂျစ်တယ်အခွင့်အရေးလှုပ်ရှားသူ အူစ်မန် ခါလီဂျီက ပြောဆိုခဲ့သည်။ TikTok ကိုပိတ်ပင်ခြင်းသည် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ပိတ်ပင်ခြင်းဖြစ်ကြောင်း ခါလီဂျီကပြောဆိုခဲ့သည်။
TikTok သည် ကိုယ်ကျင့်တရားပျက်စေသည့် အကြောင်းအရာများကို ဖယ်ရှားပေးမည်ဆိုပါက ဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်ပေးမည်ဖြစ်ကြောင်း ဆက်သွယ်ရေးအာဏာပိုင်အဖွဲ့ကပြောဆိုခဲ့သည်။ ဘင်္ဂလားဒေ့ရှ်၌ ယမန်နှစ်တွင် အပြာဆိုင်ရာအကြောင်းအရာများ ပိတ်ပင်မှုတစ်စိတ်တစ်ပိုင်းအဖြစ် TikTok ကို ပိတ်ပင်ခဲ့သည်။ အေပီ

















