မြောက်ကိုရီးယားနှင့်ဆက်ဆံရေး ပိုမိုလေးနက်ခိုင်မာလိုကြောင်း တရုတ်သမ္မတပြောဆို

မြောက်ကိုရီးယားနှင့်ဆက်ဆံရေး ပိုမိုလေးနက်ခိုင်မာလိုကြောင်း တရုတ်သမ္မတပြောဆို

ပေကျင်း အောက်တိုဘာ ၁၀ - မြောက်ကိုရီးယားနှင့် ဆက်ဆံရေးကို ပိုမိုလေးနက်ခိုင်မာရန် ဆန္ဒရှိနေကြောင်း တရုတ်သမ္မတရှီကျင့်ဖျင်က ပေးပို့သည့် မြောက်ကိုရီးယားအာဏာရ အလုပ်သမားပါတီတည်ထောင်မှု နှစ်ပတ်လည်နေ့ ဂုဏ်ပြုသဝဏ်လွှာတွင် ရေးသားထားသည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာန KCNA က အောက်တိုဘာ ၁၀ ရက်တွင် ဖော်ပြခဲ့သည်။

နှစ်နိုင်ငံစလုံး၏ ဆိုရှယ်လစ်အရေးတော်ပုံ တည်ငြိမ်စွာနှင့် ကာလရှည်ဖွံ့ဖြိုးရေးအတွက် တရုတ်-ကိုရီးယား ဆက်ဆံရေးကို အောင်မြင်စွာ ကာကွယ်၊ လေးနက်ပြီး ဖွံ့ဖြိုးစေရန် ဆန္ဒရှိနေကြောင်း ရှီက ရေးသားထားသည်ဟု KCNA က ကိုးကားဖော်ပြခဲ့သည်။

အောက်တိုဘာ ၁၀ ရက်သည် အလုပ်သမားပါတီတည်ထောင်မှု ၇၅ နှစ်မြောက် အထိမ်းအမှတ်နေ့ဖြစ်ပြီး မြို့တော် ပြုံယမ်း၌ အင်အားများစွာပါဝင်သော စစ်ရေးပြပွဲအခမ်းအနားကို ပြုလုပ်မည်ဟု ခန့်မှန်းမှုများရှိနေသည်။

မကြာသေးမီနှစ်များတွင် မြောက်ကိုရီးယားသည် အခက်အခဲများရှိခဲ့သော်လည်း နိုင်ငံခြားတိုင်းပြည်များနှင့် ဆက်ဆံရေးကို တိုးမြှင့်ခဲ့ခြင်းအပါအဝင် အောင်မြင်မှုများရရှိခဲ့သည့်အတွက် ကျေနပ်အားရမိကြောင်း ရှီကပြောဆိုခဲ့သည်။

မြောက်ကိုရီးယား၏ နျူကလီးယားလက်နက်နှင့် ဒုံးကျည်စီမံကိန်းများနှင့်ပတ်သက်၍ အမေရိကန်ပြည်ထောင်စုနှင့် အခြားနိုင်ငံများက မြောက်ကိုရီးယားအပေါ် ပိတ်ဆို့မှုများချမှတ်ရာတွင် တရုတ်ပါဝင်ခဲ့ပြီးနောက် တရုတ်နှင့်မြောက်ကိုရီးယားတို့ကြား ဆက်ဆံရေးသွေးအေးခဲ့သည်။ သို့သော် ရှီနှင့် ကင်တို့သည် ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တို့တွင် ငါးကြိမ်တွေ့ဆုံခဲ့သည်။ အေပီ