မက်ဒရစ် အောက်တိုဘာ ၁၀ - စပိန်နိုင်ငံမြို့တော် မက်ဒရစ်၌ COVID-19 ကူးစက်သူသစ်ဦးရေ ပြန်လည်များပြားလာမှုကြောင့် ကူးသန်းသွားလာမှုပိတ်ပင်ချက်များကို တစ်စိတ်တစ်ပိုင်းပြန်လည်ချမှတ်ရန်အတွက် စပိန်အစိုးရသည် အောက်တိုဘာ ၉ ရက်တွင် အရေးပေါ်အခြေအနေ ထုတ်ပြန်ခဲ့သည်။
သို့သော် မက်ဒရစ်ဒေသကြီးအုပ်ချုပ်ရေးအဖွဲ့အကြီးအကဲကမူ စပိန်ဗဟိုအစိုးရကချမှတ်သည့် ကန့်သတ်ချက်များသည် တရားမဝင်ဘဲ ပြင်းထန်ကာ စီးပွားရေးကို ဆိုးရွားစွာထိခိုက်စေကြောင်း ပြောဆိုခဲ့သည့်အတွက် ဝန်ကြီးချုပ် ပဲဒရို ဆန်ချက်ဇ်ဦးဆောင်သော ဗဟိုအစိုးရနှင့် ဒေသဆိုင်အရာအစိုးရတို့ကြား ထိပ်တိုက်ဆုံမှုများရှိနေပြီဖြစ်သည်။
မက်ဒရစ်ဒေသကြီးအစိုးရသည် ကူးစက်မှုလျှော့ချရေးကို ထိရောက်စွာဆောင်ရွက်နိုင်ခဲ့ခြင်းမရှိကြောင်း၊ မက်ဒရစ်မှတစ်ဆင့် တစ်နိုင်ငံလုံးသို့ ဆက်လက်ကူးစက်မှုမရှိစေရန် တားဆီးရမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး ဆယ်လ်ဗေဒေါ အီလျာကပြောဆိုခဲ့သည်။
ကူးသန်းသွားလာမှုပိတ်ပင်ချက်သက်ရောက်ရေးအတွက် နောက်ထပ်ရဲတပ်ဖွဲ့ဝင် ၇၀၀၀ ကို လုံခြုံရေးစောင့်ကြပ်စေမည်ဖြစ်ကြောင်း အစိုးရကပြောဆိုခဲ့သည်။ မြို့တော်နှင့် ဝန်းကျင်ရှိ မြို့နယ်ရှစ်ခုတို့တွင် နေထိုင်သူ ၃ ဒသမ ၈ သန်းခန့်မှာမူ ပျော်ပွဲရွှင်ပွဲများပြုလုပ်နေပြီး မော်တော်ယာဉ်များဖြင့် သွားလာမှုများပြုလုပ်နေဆဲဖြစ်သည်။
ကျန်းမာရေးဝန်ကြီးဌာန၏ညွှန်ကြားချက်ကြောင့် မက်ဒရစ်အာဏာပိုင်များသည် လွန်ခဲ့သောအပတ်တွင် မက်ဒရစ်မြို့မှ အပြင်ထွက်မှုနှင့် မက်ဒရစ်မြို့တွင်း ဝင်ရောက်မှုအားလုံးကို ပိတ်ပင်ခဲ့သည်။ အောက်တိုဘာ ၈ ရက်အထိ နှစ်ပတ်အတွင်း မက်ဒရစ်ဒေသကြီး၌ လူ ၁၀၀၀၀၀ လျှင် ကူးစက်သူ ၇၂၃ ဦးရှိခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပြောဆိုခဲ့သည်။
မက်ဒရစ်ဒေသတစ်ကြီးတစ်ခုလုံးတွင် ပိတ်ပင်ချက်ချမှတ်မည့်အစား ကူးစက်သူဦးရေများပြားသည့် ဒေသများတွင်သာ သီးသန့်ကန့်သတ်ချက်များ ချမှတ်ခြင်းကို လိုလားကြောင်း မက်ဒရစ်ဒေသကြီးအကြီးအကဲ အစ္စဘယ် ဒီးယက်ဇ် အယူဆိုကပြောဆိုခဲ့သည်။
မက်ဒရစ်ရှိ တရားရုံးတစ်ရုံးကလည်း ဒေသကြီးအစိုးရဘက်မှ ခုခံကာ ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။ ဗဟိုအစိုးရချမှတ်ထားသည့် အရေးပေါ်အခြေအနေကို ဆန့်ကျင်ဆန္ဒပြမည်ဖြစ်ကြောင်း လက်ယာစွန်းဝါဒီ Vox ပါတီက ပြောဆိုခဲ့သည်။ အေပီ

















