လန်ဒန် အောက်တိုဘာ ၁၀ - ရုရှားနှင့် ဗြိတိန်တို့၌ လွန်ခဲ့သော ငါးရက်အတွင်း တစ်ရက်လျှင် COVID-19 ကူးစက်သူသစ် စံချိန်တင်မြင့်တက်ခဲ့ပြီးနောက် ဥရောပတစ်ဝန်း အောက်တိုဘာ ၈ ရက်တွင် တစ်ရက်အတွင်း COVID-19 ကူးစက်သူသစ် ၁၀၀,၀၀၀ ကျော်ရှိခဲ့သည်။
ကူးစက်သူများစွာရှိနေသည့် အိန္ဒိယနှင့် ဘရာဇီးတို့၌ ကူးစက်မှုနှုန်းလျော့ကျသွားသည့် ပုံရနေသော်လည်း ဥရောပတစ်ဝန်း လွန်ခဲ့သောအပတ်တွင် ကူးစက်သူသစ်ဦးရေ တစ်ရှိန်ထိုးမြင့်တက်လာနေသည်။ ဥရောပ၌ ကူးစက်မှုဗဟိုချက်များမှာ ဗြိတိန်၊ ရုရှား၊ စပိန်နှ့င် ပြင်သစ်တို့ဖြစ်ကြပြီး လွန်ခဲ့သော သုံးရက်အတွင်း တစ်နိုင်ငံချင်းစီ၌ တစ်ရက်လျှင် ကူးစက်သူသစ် ၁၀၀၀၀ ကျော်ရှိခဲ့သည်။
ရုရှား၌ မကြာသေးမီရက်များအတွင်း တစ်ရက်လျှင် ကူးစက်သူသစ်စံချိန်တင်ရှိခဲ့ပြီးနောက် မြို့တော် မော်စကို၌ ဘားဆိုင်များနှင့် နိုက်ကလပ်များကို ပိတ်သိမ်းရန် ညွှန်ကြားချက်ထုတ်ခဲ့သည်။ ဗြိတိန်၌ အောက်တိုဘာ ၈ ရက်တွင် ကူးစက်သူသစ် ၁၇၀၀၀ ကျော်ရှိခဲ့သောကြောင့် ဗြိတိန်သည် အန္တရာယ်ကြီးမားသည့် အချိန်အခါနှင့်ကြုံနေရပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး မတ်ဟန်းကော့ကပြောဆိုခဲ့သည်။
ဗြိတိန်၌ COVID-19 ဖြစ်ပွားသူများအနက် သေဆုံးသူ ခုနစ်ရာခိုင်နှုန်းရှိနေသဖြင့် ကမ္ဘာပေါ်တွင် သေဆုံးမှုနှုန်းအမြင့်ဆုံး၌ ပါဝင်နေသည်။ ဗြိတိန်ရှိ COVID-19 ကူးစက်သူ ၁၀၀၀၀ လျှင် ခြောက်ဦးကျော်သည် သေဆုံးနေသည်။
အမေရိကန်ပြည်ထောင်စုရှိ သေဆုံးမှုနှုန်းမှာမူ ၂ ဒသမ ၈ ရာခိုင်နှုန်းသာရှိနေသည်။ ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်သူဦးရေ၏ ၁၆ ရာခိုင်နှုန်းကျော်သည် ဥရောပမှဖြစ်ပြီး COVID-19 ဖြင့်သေဆုံးသူ စုစုပေါင်း၏ ၂၂ ရာခိုင်နှုန်းသည် ဥရောပတွင်ရှိနေသည်။ အောက်တိုဘာ ၈ ရက်တွင် ဥရောပတစ်ဝန်း COVID-19 ကူးစက်သူ ၁၀၀၀၀၀ ကျော်ရှိခဲ့ပြီး ၎င်းတို့အနက် ၃၃၆၀၀ သည် အရှေ့ဥရောပမှဖြစ်သည်။ အနောက်ဥရောပ၌ ပြင်သစ်သည် အောက်တိုဘာ ၈ ရက်အထိ နှစ်ရက်ဆက်တိုက် တစ်ရက်လျှင် ကူးစက်သူသစ် ၁၈၀၀၀ ကျော်ရှိခဲ့သည်။ အေပီ

















