ဘေရွတ် အောက်တိုဘာ ၁၀ - လက်ဘနွန်နိုင်ငံမြို့တော် ဘေရွတ်မြို့ ရှိ အဆောက်အအုံတစ်ခုအတွင်း လောင်စာဆီသိုလှောင်ကန်ပေါက်ကွဲမှုကြောင့် လူ လေးဦး သေဆုံးခဲ့ပြီး လူတချို့ ဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန်ကြက်ခြေနီအဖွဲ့က အောက်တိုဘာ ၉ ရက်တွင် သတင်း ထုတ်ပြန်ခဲ့သည်။
ပေါက်ကွဲမှုကြောင့် တာရစ် အယ်လ် ဂျာဒီဒါ ရပ်ကွက်ရှိ အအောက်အအုံအတွင်း မီးလောင်မှုကြီးတစ်ခုဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးသတင်းအရင်းအမြစ်တစ်ခုက ပြောဆိုခဲ့သည်။ ဒဏ်ရာရသူတစ်ဦးမှာ စိုးရိမ်ဖွယ်ရာအခြေအနေရှိပြီး မီးခိုးမွှန်သည့်ဝေဒနာ ခံစားရသူများကို ကုသပေးခဲ့ရကြောင်း ကြက်ခြေနီအဖွဲ့က ပြောဆိုခဲ့သည်။
မီးလောင်မှုကြောင့် လူ ၃၀ ကျော် ဒဏ်ရာရခဲ့ ကြောင်း နိုင်ငံပိုင်ရုပ်သံက ဖော်ပြခဲ့ပြီး ကလေးငယ်သုံးဦးကိုလည်း မီးလောင်ဒဏ်ရာများဖြင့် ကုသပေးခဲ့ရကြောင်း ကျန်းမာရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
မီးသတ်သမားများသည် ရွေ့လျားလှေကားရှင်များကို အသုံးပြုကာ အဆောက်အအုံအတွင်းမှ ပိတ်မိနေသူများကို ကယ်ထုတ်ခဲ့ကြသည်။ သေဆုံးသူ လေးဦးအထိရှိလာခဲ့ကြောင်း ကြက်ခြေနီ အဖွဲ့က ၎င်းတို့၏ တွစ်တာစာမျက်နှာတွင် ဖော်ပြခဲ့သည်။ ဒဏ်ရာရသူအားလုံးကို ဆေးရုံသို့ ပို့ဆောင်ပြီးဖြစ်ကြောင်း လက်ဘနွန်ကြက်ခြေနီအဖွဲ့အထွေထွေ အတွင်းရေးမှူး ဂျော့စ်ကက်တာနီက ပြောဆိုခဲ့သည်။ အေပီ

















