အမေရိကန်သမ္မတဆိုင်ရာစကားစစ်ထိုးပွဲ ဒုတိယအကြော့ပွဲစဉ်ကို ဖျက်သိမ်း

အမေရိကန်သမ္မတဆိုင်ရာစကားစစ်ထိုးပွဲ ဒုတိယအကြော့ပွဲစဉ်ကို ဖျက်သိမ်း

ဝါရှင်တန် အောက်တိုဘာ ၁၀ - အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် သမ္မတဆိုင်ရာစကားစစ်ထိုးပွဲ လူချင်းတွေ့ဆုံမှုမှတစ်ဆင့် COVID-19 ကူးစက်မှုရှိလာနိုင်သောကြောင့် စကားစစ်ထိုးပွဲကို အွန်လိုင်းမှတစ်ဆင့်သာ ပြုလုပ်ရန် ပါတီနိုင်ငံရေးကင်းရှင်းသည့် စီမံရေးကော်မရှင်တစ်ခုက ဆုံးဖြတ်လိုက်ခြင်းကို သမ္မတဒေါ်နယ်ထရမ့်က ပယ်ချခဲ့ပြီးနောက် ထရမ့်နှင့် ဒီမိုကရက်တစ်ပါတီမှ သမ္မတလောင်း ဂျိုးဘိုင်ဒင်တို့ကြား အောက်တိုဘာ ၁၅ ရက်တွင် ပြုလုပ်မည့် စကားစစ်ထိုးပွဲကို တရားဝင်ဖျက်သိမ်းခဲ့ရသည်။

မိုင်ယာမီ၌ မြို့နယ်ခန်းမတွေ့ဆုံပွဲပုံစံစီစဉ်ထားသည့် စကားစစ်ထိုးပွဲသည် သမ္မတဆိုင်ရာစကားစစ်ထိုးပွဲသုံးပွဲအနက် ဒုတိယမြောက်ပွဲစဉ်ဖြစ်သည်။ နောက်ဆုံးပွဲစဉ်ကို တင်နက်ဆီပြည်နယ် နက်ရှ်ဗီး၌အောက်တိုဘာ ၂၂ ရက်တွင် ပြုလုပ်ရန် စီစဉ်ထားသည်။ အောက်တိုဘာ ၁၅ ရက် စကားစစ်ထိုးပွဲကို ထရမ့်က ပယ်ချခဲ့ပြီးနောက် ဂျိုးဘိုင်ဒင်သည် အွန်လိုင်းမှတစ်ဆင့် မဲဆွယ်စည်းရုံးမှုပြုလုပ်ရန်သာ စီစဉ်ခဲ့သည်။

အောက်တိုဘာ ၁၅ ရက် စကားစစ်ထိုးပွဲမရှိတော့သဖြင့် အောက်တိုဘာ ၂၂ ရက်တွင် ပြုလုပ်မည့် သမ္မတဆိုင်ရာစကားစစ်ထိုးပွဲအတွက်သာ ပြင်ဆင်တော့မည်ဖြစ်ကြောင်း သမ္မတစကားစစ်ထိုးပွဲဆိုင်ရာကော်မရှင်က ထုတ်ပြန်ခဲ့သည်။

၎င်းနှင့် ဘိုင်ဒင်တို့သည် မတူညီသည့် နေရာများမှတစ်ဆင့် စကားစစ်ထိုးရမည်ဖြစ်သဖြင့် ယင်းမှာ ရယ်စရာဖြစ်နေပြီး ယင်းပွဲ၌ ပါဝင်ခြင်းသည် အချိန်ဖြုန်းခြင်းသာဖြစ်ကြောင်း ထရမ့်ကပြောဆိုခဲ့သည်။ ရီပတ်ဘလီကန်အမျိုးသားကော်မတီဥက္ကဋ္ဌဟောင်း ဦးဆောင်သည့် ကော်မရှင်သည် ဘိုင်ဒင်အား ဦးစားပေးနေကြောင်း ထရမ့်၏မဲဆွယ်စည်းရုံးရေးအဖွဲ့က အောက်တိုဘာ ၉ ရက်တွင် စွပ်စွဲပြောဆိုခဲ့သည်။ အေပီ