ယခုရက်ပိုင်း မန္တလေးမြို့ ပဲမျိုးစုံဈေးကွက်အတွင်း၌ အိန္ဒိယဈေးကွက်သို့တင်ပို့လျက်ရှိသည့် ပဲအမျိုးအစားများ ဈေးနှုန်းအမြင့်ပိုင်းဖြင့်ဆက်လက်ရပ်တည်ကာ အရောင်းအဝယ်သွက်လက်လျက်ရှိပြီး အထူးသဖြင့် လှောင်လက်သမားများက မတ်ပဲကိုအပြိုင်အဆိုင် ထုတ်ရောင်းနေသော်လည်းဈေးနှုန်းကျဆင်းခြင်းမရှိကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ နောက်ဆုံးပတ်အတွင်း မန္တလေးဈေးကွက်၌မတ်ပဲ သုံးတင်းဝင် တစ်အိတ်လျှင်ဈေးနှုန်းအားဖြင့် ကျပ်ငွေ ၉၇,ဝဝဝအထိသာ အမြင့်ဆုံးရှိခဲ့၍ယခုရက်ပိုင်း အိန္ဒိယဈေးကွက်သို့တင်ပို့မှုများပြားလာသကဲ့သို့ တစ်အိတ်လျှင် ကျပ် ၁၁၅,ဝဝဝ အထိရောက်ရှိလာပြီး မတ်ပဲ ဈေးနှုန်း မြင့်တက်လာခြင်းနှင့်အတူမတ်ပဲစိုက်လိုသည့် တောင်သူအရေအတွက် သိသိသာသာတိုးတက်လာသောကြောင့် မတ်ပဲမျိုးစေ့များလည်းဈေးကောင်းရရှိလျက် ရှိကြောင်းမန္တလေးမြို့မှ ပဲကုန်သည်ကြီးတဦးဖြစ်သည့် ဦးကျော်ကျော်က ပြောဆိုသည်။
''မြန်မာပြည်က တောင်သူတွေနဲ့ပဲကုန်သည်တွေအနေနဲ့ မတ်ပဲဈေးကွက်ကောင်းမွန်လာမယ့် အချိန်အတွက်ကြိုတင်ပြင်ဆင်ခဲ့ကြတာဖြစ်ပြီး အိန္ဒိယနိုင်ငံမှာ မိုးရွာသွန်းမှုများလို့ ပဲစိုက်ခင်းတွေ ပျက်စီးတဲ့သတင်းတွေ ကြားကတည်းက ဒီကပဲတွေကိုအလုံးအရင်းနဲ့ ဝယ်လိမ့်မယ်ဆိုတာ တွက်ဆပြီးတော့ လှောင်လက်သမားတွေကလည်းမတ်ပဲတွေကို အလုံးအရင်းလှောင်ခဲ့ကြတာပါ။ အိန္ဒိယနိုင်ငံရဲ့ ပဲတင်သွင်းမှုဆိုင်ရာမူဝါဒ ပြောင်းလဲမှုတွေကြောင့်မြန်မာနိုင်ငံက မတ်ပဲဈေးကွက်က ၂ဝ၁၇ ခုနှစ်ကတည်းက အားရစရာမကောင်းတဲ့အခြေအနေ ဖြစ်ခဲ့တာကနေ အခုလိုမျိုး ဈေးကောင်းပြန်ရတော့ ပဲခူး၊ ရန်ကုန်နဲ့ ဧရာဝတီတိုင်းဒေသကြီးဘက်က တောင်သူတွေကလည်း စပါးရိတ်သိမ်းပြီးရင် မတ်ပဲဆက်စိုက်ကြဖို့ စိတ်ဝင်စားမှု များနေပါတယ်။ မတ်ပဲမျိုးစေ့ တစ်အိတ်ဆိုရင် ကျပ် ၁၂ဝ,ဝဝဝ ဝန်းကျင်လောက်အထိ ပေါက်ဈေးရှိနေသလို မတ်ပဲကပြည်တွင်းစားသုံးမှု နည်းတဲ့အတွက်အိန္ဒိယဈေးကွက်က ဝယ်ယူမှုပေါ်အဓိကမူတည်ပြီး မနှစ်ကဒီလိုအချိန်မှာ မတ်ပဲတစ်အိတ်ကို ကျပ်တစ်သိန်းအောက်သာ ရှိပါတယ်'' ဟု ၎င်းကပြောသည်။
လက်ရှိတွင် ကိုဗစ်ရောဂါကြိုတင်ကာကွယ်သည့်အနေဖြင့် လူစုလူဝေးမဖြစ်ပွားစေရေးအတွက် မန္တလေးပဲကုန်စည်ဒိုင်ကို ယာယီပိတ်ထားဆဲဖြစ်သော်လည်း ပွဲစားကုန်စည်စက်ပိုင်များ မဟာကထိန်တော်အသင်းကြီး၏စီစဉ်မှုအရ အသင်းသူအသင်းသားများ အရောင်းအဝယ် အဆင်ပြေစေရန် Viber Group ဖွဲ့ထားကာ အွန်လိုင်း စနစ်အသုံးပြု၍ ရောင်းဝယ်လျက်ရှိကြခြင်းဖြစ်သည်။
နေ့စဉ် ပဲမျိုးစုံပေါက်ဈေးနှုန်းများကို ပွဲစားကုန်သည် စက်ပိုင်များမဟာကထိန်တော်အသင်း မန္တလေးမြို့၏လူမှုကွန်ရက်စာမျက်နှာတွင် ဥပုသ်နေ့မှလွဲ၍ နေ့စဉ်နေ့လယ် ၁၂ နာရီအချိန်တိုင်း ဈေးနှုန်းများထုတ်ပြန်ပေးလျက်ရှိရာ အောက်တိုဘာ ၈ ရက်က ကုလားပဲ(ထိုင်ဝမ်) တစ်အိတ်ကျပ် ၈၈,ဝဝဝ၊ဗွီတူးတစ်အိတ် ကျပ် ၉၅,ဝဝဝ၊ ပဲစင်းငုံ(နီ)တစ်အိတ် ကျပ် ၈၇,ဝဝဝ၊ ပဲကြီးတစ်အိတ် ကျပ် ၁၁၅,ဝဝဝ၊ နှမ်းဖြူတစ်အိတ် ကျပ် ၁၁၇,ဝဝဝ၊ နှမ်းညိုတစ်အိတ် ကျပ် ၉၅,ဝဝဝ၊ နှမ်းနက်(စမုန်)တစ်အိတ် ကျပ် ၁၉၈,ဝဝဝ ဖြင့်အရောင်းအဝယ် ဖြစ်ခဲ့ကြကြောင်းသိရသည်။

















