ရုရှား၏ကြားဝင်စေ့စပ်မှုကြောင့် နာဂေါ်နို-ကရာဘက်၌ ယာယီအပစ်အခတ်ရပ်စဲ

ရုရှား၏ကြားဝင်စေ့စပ်မှုကြောင့် နာဂေါ်နို-ကရာဘက်၌ ယာယီအပစ်အခတ်ရပ်စဲ

မော်စကို အောက်တိုဘာ ၁ဝ - အဇာဘိုင်ဂျန်ပိုင်နက်အတွင်းရှိပြီး အာမေးနီးယားတိုင်းရင်းသားတပ်များက ထိန်းချုပ်ထားသည့် နာဂေါ်နို-ကရာဘက်ဒေသရှိ ပဋိပက္ခများအဆုံးသတ်သွားရေးအတွက် ရုရှားနိုင်ငံမော်စကိုမြို့၌ အဇာဘိုင်ဂျန်နှင့် အာမေးနီးယားတို့ကြား ဆွေးနွေးမှုများပြုလုပ်ခဲ့သည့် ရလဒ်အဖြစ် အောက်တိုဘာ ၁၀ ရက်တွင် ယာယီအပစ်အခတ်ရပ်စဲမှုရရှိခဲ့ပြီဖြစ်သည်။

နှစ်ဖက်တပ်များသည် အကျဉ်းသားများကို ဖလှယ်ပြီး ရုပ်အလောင်းများကို လွဲှပြောင်းရယူကြမည်ဖြစ်သည်။ နာဂေါ်နို-ကရာဘက်ဒေသ၌ စက်တင်ဘာ ၂၇ ရက်တွင် စတင်ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများကြောင့် လူရာနှင့်ချီ၍ သေဆုံးခဲ့ပြီးဖြစ်သည်။

၁၀ နာရီကျော်ကြာ စေ့စပ်ဆွေးနွေးခဲ့ပြီးနောက် လူသားချင်းစာနာထောက်ထားမှုကိုအခြေခံကာ အပစ်အခတ်ရပ်စဲရန် သဘောတူညီမှုရရှိခဲ့ကြောင်း ကြားဝင်စေ့စပ်ပေးခဲ့သည့် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေလက်ဗ်ရော့ဗ်က အောက်တိုဘာ ၁၀ ရက် အစောပိုင်းတွင် ထုတ်ပြန်ပြောဆိုခဲ့သည်။ အပစ်အခတ်ရပ်စဲမှုသက်ရောက်ရေးအတွက် နိုင်ငံတကာကြက်ခြေနီအဖွဲ့က ကြီးကြပ်မည်ဖြစ်သည်။

အပစ်အခတ်ရပ်စဲပြီးနောက် ငြိမ်းချမ်းရေးဆွေးနွေးရန် အာမေးနီးယားနှင့် အဇာဘိုင်ဂျန်တို့က သဘောတူညီခဲ့ကြကြောင်း လက်ဗ်ရော့ဗ်ကပြောဆိုခဲ့သည်။ အာမေးနီးယားနိုင်ငံခြားရေးဝန်ကြီး ဇိုရက် နတ်ဆာကန်ယန်နှင့် အဇာဘိုင်ဂျန်နိုင်ငံခြားရေးဝန်ကြီး ဂျေဟန် ဘေရာမော့ဗ်တို့သည် သတင်းစာရှင်းလင်းပွဲမပြုလုပ်ခဲ့ချေ။

ရီလွင် ဘာသာပြန်သည်။