မြောက်ကိုရီးယား၌ အာဏာရပါတီတည်ထောင်မှု ၇၅ နှစ်ပြည့် စစ်ရေးပြပွဲပြုလုပ်

မြောက်ကိုရီးယား၌ အာဏာရပါတီတည်ထောင်မှု ၇၅ နှစ်ပြည့် စစ်ရေးပြပွဲပြုလုပ်

ပြုံယမ်း အောက်တိုဘာ ၁၀ - မြောက်ကိုရီးယား၌ အာဏာရ အလုပ်သမားပါတီတည်ထောင်မှု ၇၅ နှစ်ပြည့် စစ်ရေးပြပွဲကို အောက်တိုဘာ ၁၀ ရက် အရုဏ်တက်ချိန်တွင် ပြုလုပ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်ကပြောဆိုခဲ့သည်။

မြောက်ကိုရီးယားလေ့လာသူများက မြောက်ကိုရီးယားအစိုးရသည် မဟာဗျူဟာကျလက်နက်သစ်များကို ထုတ်ပြနိုင်ကြောင်း ပြောဆိုထားသော်လည်း နိုင်ငံပိုင်မီဒီယာသည် အခမ်းအနားနှင့်ပတ်သက်၍ ဓာတ်ပုံများကို ထုတ်ပြန်ခြင်းမပြုခဲ့ချေ။

မြို့တော် ပြုံယမ်း၌ လက်နက်ကြီးများနှင့် စစ်သည်အင်အားများစွာပါဝင်သော စစ်ချီအခမ်းအနားကို ပြုလုပ်ခဲ့ပုံရကြောင်း တောင်ကိုရီးယားရှိ ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ကပြောဆိုခဲ့သည်။ ကင်အီဆွန်းရင်ပြင်၌ အောက်တိုဘာ ၁၀ ရက် အစောပိုင်းတွင် စစ်ရေးပြအခမ်းအနားကို ပြုလုပ်ခဲ့သည်ဟု ယူဆပါကြောင်း တောင်ကိုရီးယားပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ရေးပြပွဲအခမ်းအနားကို အရုဏ်တက်ချိန်တွင် ပထမဆုံးအကြိမ်ကျင်းပခဲ့ခြင်းဖြစ်သည်။ ယခင်ကပြုလုပ်ခဲ့သည့် စစ်ရေးပြအခမ်းအနားများတွင် နိုင်ငံခြားသံရုံးများမှ သံတမန်များကို ဖိတ်ကြားခဲ့သော်လည်း ယခုနှစ်တွင်မူ ရုရှားသံရုံးက ၎င်းတို့သံရုံးဝန်ထမ်းများအနေဖြင့် မြို့တွင်းသွားလာမှုမပြုရန် ညွှန်ကြားချက်ထုတ်ပြန်ခဲ့သည်။ နှစ်ပတ်လည်နေ့အခမ်းအနားအတွက် အကောင်းဆုံးပြင်ဆင်ရမည်ဖြစ်ကြောင်း ကင်က သြဂုတ်တွင် ပြုလုပ်သည့် ပေါ်လစ်ဗြူရိုအစည်းအဝေး၌ ညွှန်ကြားခဲ့သည်။

ရီလွင် ဘာသာပြန်သည်။