နိုင်ငံခြားငွေလဲလှယ်နှုန်း ဆက်တိုက်ကျဆင်းနေသော်လည်း ပြန်တက်နိုင်ခြေရှိဟုဆို

နိုင်ငံခြားငွေလဲလှယ်နှုန်း ဆက်တိုက်ကျဆင်းနေသော်လည်း ပြန်တက်နိုင်ခြေရှိဟုဆို

ပြင်ပငွေကြေးဈေးကွက်အတွင်းအမေရိကန်ဒေါ်လာ ရောင်းလိုအားများသောကြောင့် ငွေလဲလှယ်နှုန်းမှာတစ်ဒေါ်လာလျှင် ကျပ် ၁,၂၈ဝ ဝန်းကျင်သို့ ရောက်ရှိနေသော်လည်းသွင်းကုန် လိုအပ်ချက်အရ ဈေးပြန်တက်ဖွယ် ရှိကြောင်း ပြင်ပ ငွေကြေးဈေးကွက်မှ အကျိုးဆောင်များကပြောသည်။

''တောက်လျှောက် ဈေးကျဆင်းတာကတော့ အဝယ်ဈေးကြောင့်ပါပဲ။ဈေးမဖြစ်လောက်တဲ့ အနေအထားမှာအဝယ် ဖြစ်နေတာ''ဟု ပြင်ပငွေကြေးဈေးကွက်မှ အကျိုးဆောင်တစ်ဦးကပြောသည်။ဗဟိုဘဏ် ထုတ်ပြန်ချက်အရအမေရိကန်ငွေကြေးလဲလှယ်မှု နှုန်းသည်ပြီးခဲ့သည့် သောကြာနေ့တွင် တစ်ဒေါ်လာလျှင် ကျပ် ၁၂၇၉ ဒသမ ၅ အထိ ရောက်ရှိခဲ့ကာ တစ်နှစ်အတွင်းအနှိမ့်ဆုံး လဲလှယ်မှုနှုန်း ဖြစ်ခဲ့သည်။

ပြင်ပငွေကြေး ဈေးကွက်တွင်အစိမ်းခေါ် အရွက်ဈေးမှာ တစ်ဒေါ်လာလျှင် ၁,၃ဝ၄ ကျပ်တွင် ရှိနေပြီး Earning ခေါ် Export import မှရရှိသည့် ငွေကြေးမှာ တစ်ဒေါ်လာလျှင်ကျပ် ၁,၂၈ဝ ဝန်းကျင်နှင့် အဝေးခေါ်ပြင်ပမှ ငွေကြေးမှာ တစ်ဒေါ်လာလျှင် ၁,၂၇၆ ကျပ်အထိ ရောက်ရှိခဲ့သည်။

ပြင်ပငွေကြေးဈေးကွက်အတွင်းအစိမ်းခေါ် အရွက်မှာ ငွေရှင်းရ လွယ်ကူသဖြင့် အမြင့်ဈေးတွင် ရှိနေပြီး Earning မှာ လက်ရှိကာလတွင် ရုံးကိစ္စ လုပ်ဆောင်ရခက်ခဲခြင်း၊ စာရွက်စာတမ်းသာ ဖြစ်သဖြင့် အလွယ်ငွေဖြစ်ရန် အဆင်မပြေမှုတို့ကြောင့် တစ်ဒေါ်လာလျှင် ကျပ် ၁,၂၈ဝ ဝန်းကျင်အထိရောက်ရှိခဲ့သည်။

အဝေးခေါ် ပြင်ပမှရရှိသည့်ငွေမှာဈေးကွက်အတွင်း လိုအပ်သလောက်အလွယ်တကူ ရရှိနေသည့်အတွက်ဈေးကျဆင်းလာခြင်း ဖြစ်သလို ပြည်တွင်း ကျပ်ငွေမှာ ဈေးမာလာသည့်သဘော ရှိနေသော်လည်း မကြာမီဒေါ်လာဈေးများ ပြန်တက်ဖွယ် ရှိသည်ဟု အကျိုးဆောင်များက ခန့်မှန်းထားသည်။

ထို့ကြောင့် လာမည့် တနင်္လာ၊ အင်္ဂါနေ့ များကို သတိပြုစောင့်ကြည့်နေရပြီးအဝယ်ရှိသလောက် ရောင်းအားများလျှင် ဒေါ်လာဈေးပြန်မာလာဖွယ် မရှိသော်လည်း လိုအပ်သလောက် မရရှိပါက အတက်သို့ ပြန်ဦးတည်ဖွယ်ရှိသည်ဟု သုံးသပ်ထားသည်။

''စပါးပေါ်ချိန်၊ ပြောင်းပေါ်ချိန်နဲ့လယ်ယာသားငါး ပို့ကုန် တိုးမြှင့်ရမယ့်အချိန်မှာ ယခုလို ငွေလဲနှုန်း အလွန်အမင်း မတည်မငြိမ်ဖြစ်ခြင်းကို ဗဟိုဘဏ်နှင့် စီးပွားရေးဆိုင်ရာ ဝန်ကြီးဌာနများမှ အသင့်လျော်ဆုံးသောမူဝါဒအစီအမံများနှင့် အမြန်ဆုံးနှင့်အထိရောက်ဆုံး တုန့်ပြန် ဆောင်ရွက်ဖို့လိုအပ်နေပါပြီ။ မြန်မာ့ပို့ကုန်တွေနိုင်ငံတကာဈေးကွက်မှာ ယှဉ်ပြိုင် ထိုးဖောက်နိုင်ဖို့ ငွေလဲနှုန်း တည်ငြိမ်ပြီးခန့်မှန်းနိုင်ဖို့ အရေးကြီးပါတယ်''ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဌဦးရဲမင်းအောင်က Facebook စာမျက်နှာတွင် ရေးသားထားသည်။

ပြည်ပမှ ကုန်စည်ဝယ်ယူကြမည့်အခြေအနေမျိုးကြောင့် လာမည့် ရက်ပိုင်းအတွင်း အနည်းငယ် ပြန်မြင့်တက်လာဖွယ် ရှိနေသော်လည်း တစ်ပတ်အကြာတွင် ပြန်လည်ကျဆင်းမည်ဟုအကျိုးဆောင်များက ခန့်မှန်းကြသည်။လက်ရှိတွင် အမေရိကန်ဒေါ်လာငွေလဲလှယ်မှုနှုန်းမှာ COVID-19 ကာလအတွင်း ဆက်တိုက်ကျဆင်းနေခြင်း ဖြစ်ပြီး ၂ဝ၂ဝ ပြည့်နှစ်အတွင်းပထမဆုံးအကြိမ်အဖြစ် အာက်တိုဘာလအတွင်း တစ်ဒေါ်လာလျှင် ကျပ် ၁,၃ဝဝ အောက်သို့ ရောက်ရှိသွားခဲ့ခြင်းဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး