ရေကြီးရေလျှံမှုများကြောင့် ကမ္ဘောဒီးယား၌ လူနှစ်ဦးနှင့် ဗီယက်နမ်၌ လူငါးဦး သေဆုံး

ရေကြီးရေလျှံမှုများကြောင့် ကမ္ဘောဒီးယား၌ လူနှစ်ဦးနှင့် ဗီယက်နမ်၌ လူငါးဦး သေဆုံး

မကြာသေးမီရက်များအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများကြောင့် ကမ္ဘောဒီးယားနိုင်ငံ၌ လူနှစ်ဦးသေဆုံးခဲ့ပြီး ဗီယက်နမ်နိုင်ငံ၌ ငါးဦးသေဆုံးခဲ့ကြောင်း နှစ်နိုင်ငံအစိုးရအရာရှိများကပြောဆိုခဲ့သည်။

ကမ္ဘောဒီးယားရှိ ပါဆတ်၊ ဘတ်တမ်ဘန်းနှင့် ပိုင်လင်းတို့ရှိ မိသားစုရာပေါင်းများစွာတို့သည် နေအိမ်များကိုစွန့်ခွာခဲ့ရသည်။

နှစ်နှစ်သားကလေးငယ်တစ်ဦးနှင့် အသက် ၅၇ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ ရေနစ်သေဆုံးခဲ့ကြောင်း ကမ္ဘောဒီးယားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီ၏ပြောခွင့်ရှိသူ ဆဲယက် ဗီချတ်က အောက်တိုဘာ ၁၀ ရက်တွင် ပြောဆိုခဲ့သည်။

ကမ္ဘောဒီးယား၌ ရေကြီးရေလျှံမှုကြောင့် လူမည်မျှထိခိုက်သေဆုံးသည်နှင့် နေအိမ်မည်မျှပျက်စီးသည်ကို မသိရှိရသေးချေ။ အောက်တိုဘာ ၁၁ ရက်တွင်လည်း အခြေအနေပိုမိုဆိုးရွားလာမည်ဖြစ်ကြောင်း မိုးလေဝသဌာနက ခန့်မှန်းထားသည်။

ဗီယက်နမ်နိုင်ငံအလယ်ပိုင်း၌လည်း မိုးသည်းထန်စွာရွာသွန်းပြီးနောက် ရေကြီးရေလျှံမှုများရှိခဲ့သည်။

ဗီယက်နမ်၌ လူငါးဦးသေဆုံးပြီး ရှစ်ဦးပျောက်ဆုံးနေဆဲဖြစ်သည်။ နေအိမ်အလုံး ၃၃၀၀၀ ကျော် ရေနစ်မြုပ်ခဲ့ပြီး လူ ၂၆၀၀၀ ကျော်ကို အရေးပေါ်နေရာရွှေ့ပြောင်းပေးခဲ့ရကြောင်း သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနက ပြောဆိုခဲ့သည်။

ဗီယက်နမ်မြောက်ပိုင်းနှင့် တောင်ပိုင်းတို့ကို ချိတ်ဆက်ထားသည့် အဝေးပြေးလမ်းမကြီးလည်း ရေမြုပ်နေပြီဖြစ်ပြီး လေကြောင်းလိုင်းများသည်လည်း ပြည်တွင်းခရီးစဉ်များကို ဖျက်သိမ်းခဲ့ရကြောင်း ဒေသခံမီဒီယာများကဖော်ပြခဲ့သည်။

ထိုင်းနိုင်ငံရှိ နာခွန် ရတ်ချာဆီမာခရိုင်၌ လမ်းများ၌ မြစ်များချောင်းများကဲ့သို့ ရေစီးဆင်းနေကာ ဒေသခံများသည် ပိုင်ဆိုင်သည့် ပစ္စည်းများကို ကုန်းမြင့်ပိုင်းသို့ ရွှေ့ပြောင်းသယ်ဆောင်ခဲ့ရသည်။