တရုတ်အစိုးရအနေဖြင့် ထိုင်ဝမ်အပေါ် ချဉ်းကပ်ပုံပြောင်းလဲပြီး စိုးရိမ်မှုများအပေါ် အလေးထားမည်ဆိုပါက နှစ်နိုင်ငံအကြား တင်းမာမှုများကို လျှော့ချနိုင်မည်ဟု မျှော်လင့်ကြောင်း ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်က အောက်တိုဘာ ၁၀ ရက်တွင် ပြောဆိုခဲ့သည်။
တရုတ်နိုင်ငံသည် အခြားနိုင်ငံများအပေါ် လွှမ်းမိုးခြယ်လှယ်ခြင်း၊ နယ်ချဲ့ခြင်းသို့မဟုတ် သြဇာလွှမ်းမိုးနိုင်ရန်အတွက် နယ်မြေ ချဲ့ထွင်ခြင်းများ ကို မည်သည့်အခါမျှ လုပ်ဆောင်မည်မဟုတ်ကြောင်း သမ္မတရှီကျင့်ဖျင်က ကုလသမဂ္ဂအထွေထွေညီလာခံသို့ ဗီဒီယိုမိန့်ခွန်း ပြောကြားရာတွင် ပြောဆိုခဲ့မှုနှင့်ပတ်သက်ပြီး ဆိုင်က အောက်တိုဘာ ၁၀ ရက်နေ့တွင် ကျရောက်သော ထိုင်ဝမ် အမျိုးသားနေ့အောင်ပွဲ အခမ်းအနား၌ မှတ်ချက်ချပြောဆိုခဲ့သည်။
‘’အခုဆိုရင် ဒေသတွင်းနိုင်ငံတွေရော ကမ္ဘာတစ်ဝန်းလုံးကပါ တရုတ်ရဲ့ လွှမ်းမိုး လာနေမှုကို စိုးရိမ်ခဲ့ကြရတယ်။ အခုအချိန်က စစ်မှန်တဲ့ အပြောင်းအလဲရဲ့ နိဒါန်းလို့ ကျွန်မ မျှော်လင့်ပါတယ်။ တရုတ်အစိုးရအနေနဲ့ ထိုင်ဝမ်ရဲ့ လိုလားမှုကို ဂရုပြုအလေးထားမယ်ဆိုရင် တရုတ်နဲ့ ထိုင်ဝမ်တို့ရဲ့ ဆက်ဆံရေးကို ပြေလည်စေနိုင်တယ်။ နောက်ပြီး တရုတ်-ထိုင်ဝမ်ဆက်ဆံရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကိုလည်း လွယ်ကူချောမွေ့ စေမှာဖြစ်ပါတယ်။ ဒေသတွင်း တင်းမာမှုတွေလျော့ကျသွားနိုင်တယ်လို့ ကျွန်မ ယုံကြည်ပါတယ်” ဟု ဆိုင်အင်ဝမ်က ပြောဆိုခဲ့သည်။
ထိုင်ဝမ်သည် တရုတ်ပိုင်နက်ဖြစ်ပြီး တစ်ချိန်ချိန်တွင် ပြည်မကြီးနှင့် ပြန်လည်ပေါင်းဆုံမည့်ဒေသဖြစ်ကာ လိုအပ်ပါကလည်း အင်အားသုံးသိမ်းပိုက်မည်ဖြစ်ကြောင်း တရုတ်အစိုးရက ပြောဆိုထားပြီးဖြစ်သည်။
၂၀၁၆ ခုနှစ်ရွေးကောက်ပွဲအပြီးတွင် ဆိုင်အင်ဝမ် သမ္မတဖြစ်လာပြီးနောက် တရုတ်အစိုးရသည် ထိုင်ဝမ်နှင့် အဆက်အသွယ်ဖြတ်တောက်ပြီး စစ်ရေး၊ စီးပွားရေးနှင့် သံတမန်ရေးအရ ဖိအားပေးမှုများ တိုးမြှင့်လုပ်ဆောင်ခဲ့သည်။

















