လိင်ပိုင်းအနိုင်ကျင့်သူများကို သေဒဏ်ပေးရန် ဘင်္ဂလားဒေ့ရှ်၌ ဆန္ဒထုတ်ဖော်တောင်းဆို

လိင်ပိုင်းအနိုင်ကျင့်သူများကို သေဒဏ်ပေးရန် ဘင်္ဂလားဒေ့ရှ်၌ ဆန္ဒထုတ်ဖော်တောင်းဆို

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ မကြာသေးမီလများအတွင်း အမျိုးသမီးများအပေါ်  လိင်ပိုင်းအနိုင်ကျင့်မှုများစွာဖြစ်ပွားခဲ့ပြီးနောက် လိင်ပိုင်းအနိုင်ကျင့်သူများအား သေဒဏ်ချမှတ်ပေးရန် တောင်းဆိုဆန္ဒပြမှုများကို အောက်တိုဘာ ၁၀ ရက်တွင် နိုင်ငံတစ်ဝန်း ပြုလုပ်ခဲ့ကြသည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီမှ စက်တင်ဘာအတွင်း ဖြစ်ပွားခဲ့သည့် လိင်ပိုင်းအနိုင်ကျင့်မှု ၁၀၀၀ ခန့်အနက် ငါးပုံတစ်ပုံသည် အုပ်စုဖွဲ့လိင်ပိုင်းအနိုင်ကျင့်မှုသာဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့ အိုင်-အို-ဆာလစ်ရှ် ကန်ဒရာကပြောဆိုခဲ့သည်။

“လိင်ပိုင်းအနိုင်ကျင့်သူများကို ကြိုးပေးပါ” ဟု ရေးသားထားသည့် ကတ်ပြားများကို ဒါကာနှင့် အခြားနေရာများ၌ ဆန္ဒပြသူများက ကိုင်ဆောင်ခဲ့ကြသည်။

ဆန္ဒပြသူများအနက် ကျောင်းသားရာပေါင်းများစွာပါဝင်ခဲ့သည်။ “အနိုင်ကျင့်သူတွေကို မသနားနဲ့” ၊ “ပြောပါဦး ကျွန်မ အနိုင်ကျင့်ခံရတော့မှာလား” စသည်တို့ကိုရေးသားထားသည့် ကတ်ပြားများကို ကိုင်ဆောင်ခဲ့ကြသည်။

ဆန္ဒပြသူများ၏တောင်းဆိုမှုကြောင့် အစိုးရသည် လိင်ပိုင်းအနိုင်ကျင့်သူများအား သေဒဏ်ချမှတ်ရန် အစီအစဉ်ကို ပြန်လည်သုံးသပ်လာရပြီး ဝန်ကြီးအဖွဲ့သည် အဆိုပြုချက်နှင့်ပတ်သက်၍ အောက်တိုဘာ ၁၂ ရက်တွင် ဆွေးနွေးမည်ဖြစ်သည်။

ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ၏ ညွှန်ကြားချက်အရ အဆိုပြုချက်တင်သွင်းရခြင်းဖြစ်ကြောင်း ဥပဒေရေးရာဝန်ကြီး အနီဆု ဟက်က ပြောဆိုခဲ့သည်။

နိုင်ငံအရှေ့တောင်ပိုင်းရှိ နိုယာခါလီစီရင်စု၌ အမျိုးသားတစ်စုက အမျိုးသမီးတစ်ဦးကို အဝတ်အစားများဆုတ်ဖြဲပြီး နာရီဝက်ခန့် အနိုင်ကျင့်နေသည်ကို ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်ထွက်ပေါ်လာပြီးနောက် ဆန္ဒပြမှုများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဗီဒီယိုဖိုင်တွင် ပါရှိသည့် အမျိုးသမီးသည် ယမန်နှစ်အတွင်း အမျိုးသားတစ်စု၏အကြိမ်ကြိမ်လိင်ပိုင်းအနိုင်ကျင့်ခံရခြင်း၊ လက်နက်များဖြင့် ခြိမ်းခြောက်ခံရခြင်းတို့နှင့် ကြုံတွေ့ခဲ့ရကြောင်း အမျိုးသားလူ့အခွင့်အရေးကော်မရှင်က စုံစမ်းစစ်ဆေးမှုအရသိရသည်။

နိုင်ငံမြောက်ပိုင်း ဆီဟတ်စီရင်စုရှိ အဆောင်တစ်ဆောင်၌ အမျိုးသမီးတစ်ဦးကို အမျိုးသားတစ်စုက အုပ်စုဖွဲ့လိင်ပိုင်းအနိုင်ကျင့်မှုဖြစ်ပွားခဲ့ပြီးဖြစ်သည်။ ယင်းအမှုနှင့်ဆက်စပ်၍ အာဏာရပါတီရှိ ကျောင်းသားလူငယ်အဖွဲ့ခွဲမှ အဖွဲ့ဝင်တချို့ အဖမ်းခံခဲ့ရပြီးဖြစ်သည်။

မည်သည့်ပါတီဝင်ဖြစ်ပါစေ ပြစ်မှုကျူးလွန်ပါက ထိုက်သင့်သည့် ပြစ်ဒဏ်များကို ချမှတ်မည်ဖြစ်ကြောင်း တရားရေးဝန်ကြီး ဟက် အောက်တိုဘာ ၁၀ ရက်တွင် ပြောဆိုခဲ့သည်။