ဘရာဇီး၌ အောက်တိုဘာလ ၁၀ ရက်အထိ COVID-19 ဖြင့် သေဆုံးသူ ၁၅၀၀၀၀ ကျော်ရှိနေပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
လက်ရှိတွင် သေဆုံးသူ ၁၅၀၁၉၈ ဦး ရှိနေပြီဖြစ်ကြောင်း ဘရာဇီးကျန်းမာရေးဝန်ကြီးဌာန၏ စာရင်းအင်းများအရ သိရသည်။
COVID-19 ဖြင့်သေဆုံးသူဦးရေတွင် ဘရာဇီးသည် အမေရိကန်ပြည်ထောင်စုပြီးနောက် ကမ္ဘာပေါ်၌ ဒုတိယအများဆုံးဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်မှထုတ်ပြန်သော စာရင်းအင်းများအရ သိရသည်။
‘’ ၁၅၀၀၀၀ ဆိုတာကို မြင်လိုက်ရတော့ မျက်နှာတွေဖုံးထားတဲ့ အလောင်းတွေနဲ့အတူထားတဲ့ COVID-19 နဲ့ ကွယ်လွန်ခဲ့တဲ့ ကျွန်မအဖေရဲ့ မျက်နှာကို ပြေးမြင်မိတယ်။ ဒီလောက်အထိ များလာလိမ့်မယ်လို့ ကျွန်မ ထင်မထားခဲ့ပါဘူး။ ဒီကပ်ရောဂါကြီးကို ကျွန်မတို့ အလုံးစုံ ကျော်ဖြတ်နိုင်မယ်လို့ မယုံတော့ဘူး’’ ဟု မနောက်မြို့ရှိ အရောင်းမြှင့်တင်ရေး အတိုင်ပင်ခံ နီရာနီ မိုရာက ပြောဆိုခဲ့သည်။

















