အမိုးအကာအောက်တွင် စိုက်ပျိုးရသည့် Polytunnel greenhouse စနစ်သည် စိုက်ပျိုးထုတ်လုပ်သူများအတွက် ဝင်ငွေတိုးတက်လာစေနိုင်ပြီးမြန်မာနိုင်ငံအတွက်လည်း သင့်တော်သောကြောင့် တိုးမြှင့်စိုက်ပျိုးသင့်ကြောင်း Fresh Studio မှ R&D Director Crops ဖြစ်သူ Mr.Rene က ပြောသည်။
GIZ မှ စီစဉ်သည့် Feasibility of poly tunnel farming Shan State ဆွေးနွေးပွဲတွင် ၎င်းက ယခုလို ပြောကြားခဲ့ခြင်း ဖြစ်သည်။ ဂျာမနီနိုင်ငံအခြေစိုက် Deutsche Gesellschaf t fürIn ternationaleZusa mmenarbeit(GIZ)အဖွဲ့အစည်းသည် မြန်မာနိုင်ငံရှိနေရာရှစ်ခုတွင် ယူရို ၁၃၈ သန်းပမာဏ ရှိစီမံကိန်း ၂၃ ခုကို အကောင်အထည်ဖော် ဆောင်ရွက်နေပြီး စီးပွားရေး၊ အရည်အသွေးမြှင့်တင်ခြင်း၊အစားအစာနှင့် အာဟာရ၊ စွမ်းအင်ကဏ္ဍနှင့် ရာသီဥတုပြောင်းလဲခြင်းစသည့် ကဏ္ဍလေးခုကို ဆောင်ရွက်နေသည်။
Green House ဟုခေါ်ဆိုကြသည့် Polytunnel အမိုးအကာအောက်တွင်ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်ခြင်း အခွင့်အလမ်းများအပေါ် လေ့လာဆန်းစစ်ချက်အရ အကျိုးရလာဒ်အနေနှင့် စိုက်ပျိုးတောင်သူများအတွက်သမရိုးကျ စိုက်ပျိုးထုတ်လုပ်မှုထက်ဝင်ငွေပိုတိုးကြောင်း ၎င်းက ပြောသည်။တောင်သူများလက်ရှိသုံးနေသော လုပ်ငန်းပုံစံအရ စိုက်ဧက တစ်ဧက၏ ၁၃ ရာခိုင်နှုန်း မြေပေါ်တွင်သာ Polytunnel Greenhouse ဖြင့် ပြောင်းလဲဆောင်ရွက်ခဲ့ရာ ၎င်းတို့ ဝင်ငွေသည် ၃ ဒသမ ၇၅ ရာခိုင်နှုန်း တိုးတက်လာကြောင်း စစ်တမ်းအရ သိရသည်။
''စိုက်ဧက အားလုံးကို Polytunnel Greenhouse သို့ ပြောင်းလဲဆောင်ရွက်နိုင်မယ် ဆိုရင် တောင်သူဝင်ငွေပိုတိုးတက်လာမယ် ထင်ပါတယ်''ဟု Mr.Rene က ပြောသည်။ရှမ်းပြည်နယ်တောင်ပိုင်းတွင် Polytunnel Greenhouse စနစ်ဖြင့်ငါးနှစ်တာစိုက်ပျိုးမှု လေ့လာဆန်းစစ်ချက်အရ ပထမနှစ်တွင် အမြတ် ကျပ် ၆၃၈,၅ဝဝ၊ ဒုတိယနှစ်တွင် ကျပ် ၁၂၈၈,၆၅ဝ၊ တတိယနှစ်တွင် ကျပ် ၁,၅၃၉,ဝ၂၇၊စတုတ္ထနှစ်တွင် ကျပ် ၁,၉၁၇,၅၅၆နှင့် နောက်ဆုံးနှစ်တွင် ကျပ် ၂,၂၉၂,၁၅၉ ရရှိကာ စုစုပေါင်းကျပ် ၇၈ သိန်းနီးပါး အမြတ်အစွန်းရရှိကြောင်း ဖော်ပြထားသည်။
သမရိုးကျနည်းဖြင့် စိုက်ပျိုးထုတ်လုပ်ပါက အမြတ်အစွန်း ရရှိမှုမှာငါးနှစ်အတွင်း ကျပ် ၅၁ သိန်းကျော်သာရရှိသည့်အတွက် Greenhouse စိုက်ပျိုးခြင်းက ကျပ် ၂၅ သိန်းကျော် ပိုအမြတ်ရရှိစေသည်။
မြန်မာနိုင်ငံတွင် သီးနှံများကိုတစ်နှစ်တာပတ်လုံး ရရှိရန် လိုအပ်ချက်ရှိနေပြီး ဈေးကွက်လိုအပ်ချက် အရည်အသွေးအတိုင်း ထုတ်လုပ်နိုင်ရန်အမိုးအကာအောက်တွင် စိုက်ပျိုးခြင်းစနစ်က ဆောင်ရွက်နိုင်သည် ဟု စစ်တမ်းက ဆိုသည်။
အမိုးအကာအောက် စိုက်ပျိုးခြင်းဖြင့် သီးနှံများ တစ်နှစ်တာပတ်လုံးထွက်ရှိလာမည် ဖြစ်ကာ ပိုးမွှားရောဂါဒဏ်နှင့်အခြားအခြေအနေဆိုးများကို ကာကွယ်ပေးနိုင်ပြီး သီးနှံအတွက် အကောင်းဆုံးစိုက်ပျိုးမှုအခြေအနေတစ်ခုကို ဖန်တီးထားခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

















