ထိုင်းနိုင်ငံအတွင်း သွားရောက်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းလုပ်သားများသည် မြန်မာနိုင်ငံ၌ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက်ဘန်ကောက်ရှိ မြန်မာသံရုံးတွင် ကြိုတင်မဲများပေးလျှက်ရှိရာ အောက်တိုဘာ ၃ ရက်မှ ၁၁ ရက်အထိ မြန်မာလုပ်သား ၇ဝဝဝ ကျော်ခန့် ဆန္ဒမဲလာရောက် ပေးထားပြီဖြစ်ကြောင်းသိရသည်။
ထိုင်းနိုင်ငံအတွင်း မြန်မာရွှေ့ပြောင်းလုပ်သား သုံးသန်းကျော်ရှိသည့်အနက် တရားဝင်အလုပ်သမားအထောက်အထား လက်မှတ်ရှိသူနှစ်သန်းကျော်ရှိရာ ၂ဝ၂ဝ ခုနှစ်ရွေးကောက်ပွဲအတွက် ပုံစံ ၁၅ တင်သူ ၄ဝဝဝဝ နီးပါးရှိပြီး မဲပေးနိုင်မည့်မဲစာရင်းကျလာသူ ၃၅ဝဝဝ ကျော်သာရှိကြောင်း သိရသည်။
ထိုင်းနိုင်ငံသို့ လာရောက်အလုပ်လုပ်ကိုင်နေကြသော မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် မိမိနိုင်ငံအတွက်ရွေးကောက်ပွဲကို လာရောက်ပြီး မဲမေးချင်လွန်း၍ လာရောက်မဲပေးကြသော်လည်း အခက်အခဲများစွာရှိကြောင်း၊လျောက်လွှာမတင်တတ်သဖြင့် ကျန်ခဲ့ခြင်း၊ အချိန်တိုတောင်းလွန်း၍ကျန်ခဲ့ခြင်းများရှိကြောင်း မဲလာပေးသူများကပြောသည်။
အောက်တိုဘာလ ၃ ရက်မှ ၁၁ရက်အထိ ဆန္ဒမဲလာရောက်ပေးသူ ၇ဝဝဝ ကျော် မဲလာပေးပြီးသူများအနက် တိုင်းရင်းသားပိုများမှာ ပိုမိုများပြားကြောင်း သိရသည်။ မဲရုံအမှတ်(၁)တွင် ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်း၊ ပဲခူး၊ မန္တလေး၊ ဧရာဝတီတိုင်းဒေသကြီးတို့မှ မြန်မာရွှေ့ပြောင်းလုပ်သားများ မဲလာပေးကြပြီး မဲရုံ(၂)တွင်မကွေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့်ကချင်ပြည်နည်မှ လာရောက်လုပ်ကိုင်သူ ၅ဝဝ ခန့်သာ လာရောက်မဲပေးခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာသံရုံးတွင် အောက်တိုဘာ ၃ ရက်မှ ၁၈ ရက်အထိ ကြိုတင်ဆန္ဒမဲပေးခြင်းပြုလုပ်သွားမည်ဖြစ်ပြီး ရက်တိုးရန်အစီအစဉ်မရှိသေးကြောင်းသိရသည်။
















