ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ ရန်ကုန်ကွန်ဗန်းရှင်းစင်တာ၌ဆောက်လုပ်ထားသည့် COVID-19 အတည်ပြုလူနာများအား ထားရှိကုသပေးမည့်အင်းယားစင်တာသို့ အတည်ပြုလူနာ၂၁ဝ ဦး ရောက်ရှိပြီးဖြစ်ကာ အတည်ပြုလူနာများ ထပ်မံရောက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။
အင်းယာစင်တာအား အောက်တိုဘာ ၁ဝ ရက် မွန်းလွဲပိုင်းက အလုံးစုံပြင်ဆင်ပြီးစီးခဲ့သဖြင့် အင်းယားစင်တာဦးစီးကော်မတီက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ COVID-19 အတည်ပြုလူနာများအား လိုအပ်သည့်ဆေးကုသရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်နိုင်ရေးအတွက် စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့သည်။
ထိုသို့လွှဲပြောင်းပေးအပ်ပြီးနောက် ညနေပိုင်းမှစတင်ကာ အင်းယားစင်တာ၌ COVID-19 အတည်ပြုလူနာများအား စတင်လက်ခံပေးခဲ့သဖြင့် ည ၁၂ နာရီခွဲအထိ စင်တာသို့ရောက်ရှိလာသည့် အတည်ပြုလူနာ ၂၁ဝ ဦးရှိကြောင်း သိရသည်။
''ညအထိ အတည်ပြုလူနာ ၂၁ဝ ဦးရောက်ရှိခဲ့ပါတယ်။ ဒီနေ့မှာလည်းအယောက် ၂ဝဝ လောက် ထပ်ရောက်ဖို့ရှိပါတယ်။ ရောက်လာတဲ့အတည်ပြုလူနာတိုင်းကို တာဝန်ကျဆရာဝန်၊ သူနာပြုတွေက စနစ်တကျလက်ခံပြီး သူတို့လိုအပ်တာတွေကို လုပ်ပေးပါတယ်'' ဟု အင်းယားစင်တာ၏ တာဝန်ရှိသူတစ်ဦးဖြစ်သည့်ကိုဇော်ရဲနောင်က ပြောသည်။
ထိုသို့ရောက်ရှိလာသည့် အတည်ပြုလူနာများအား တာဝန်ကျဆရာဝန်များ၊သူနာပြုများနှင့် စေတနာ့ဝန်ထမ်းများက စနစ်တကျစာရင်းရေးသွင်းလက်ခံခြင်း၊ဆေးဝါးကုသရာတွင် လိုအပ်သည့် QR Pass များ ထုတ်ပေးခြင်း၊ ဆေးစစ်ခြင်း၊ဆေးဝါးကုသရန်လိုအပ်သူများအား ဆေးဝါးကုသပေးခြင်း၊ လိုအပ်သည့် ဆေးဝါးများပေးခြင်းနှင့် ညစာစားသုံးရန်ပြင်ဆင်ကျွေးမွေးခြင်းများအား ပြုလုပ်ပေးခဲ့ကြကြောင်းသိရသည်။
အင်းယားစင်တာအား ကမ္ဘောဘဏ်မှအလှူငွေ ကျပ်သိန်း ၁ဝ,ဝဝဝ၊ ရွှေသံလွင်ကုမ္ပဏီမှ ကျပ်သိန်း ၃ဝဝဝ မတည်ကာ ဆောက်လုပ်ခဲ့ကြခြင်းဖြစ်ပြီး WHO စံနှုန်းအတိုင်း နိုင်ငံတကာအဆင့်မီဆောက်လုပ်ထားသည့် COVID-19 စင်တာတစ်ခုဖြစ်ကာ Oxygen Therapy ကုတင် ၁ဝ၄ ကုတင်နှင့် လူနာကုတင် ၄၁၂ ကုတင်ဖြင့်ထားရှိကုသပေးသွားမည်ဖြစ်သည်။
















