မုဒုံမြို့တွင် လူမှုရေးကိစ္စမကျေနပ်သဖြင့် ပြည်ခိုင်ဖြိုးပါတီ ရပ်/ကျေးစည်းရုံးရေးမှုးကိုပြန်ပေးဆွဲခြိမ်းခြောက်၊ငွေတောင်းခံသူများ ကိုဖမ်းဆီးရမိခဲ့ကြောင်း အောက်တိုဘာ ၁၂ ရက်နေ့တွင် ရဲတပ်ဖွဲ့မှ သိရသည်။
အောက်တိုဘာ ၉ ရက်နေ့နံနက် ၉ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် မွန်ပြည်နယ်၊မုဒုံမြို့နယ်၊မှိန်ကနိမ်းကျေးရွာအုပ်စု၊နိုင်းပြိုင်ကျေးရွာနေ ပြည်ခိုင်ဖြိုးပါတီ ရပ်/ကျေးစည်းရုံးရေးမှူးဦးဇော်မင်းသည် ကော့ကဗွီးကျေးရွာ၊အင်းလေးစု ဆွမ်းလောင်းဇရပ်တွင်ကော့ကဗွီးကျေးရွာနေမမော်၊ကိုတိုး၊ဒေါ်စိန်ကြည် တို့နှင့်အတူ ထိုင်စကားပြောနေခဲ့သည်။
ထို့နောက် ရွာပြန်ရန်ဆိုင်ကယ်ကိုဆွဲလှည့်စဉ် ဆိုင်ကယ်အနီးသို့ NISSAN အမျိုးအစားခဲရောင်ယာဉ်တစ်စီးထိုးရပ်လာခဲ့ပြီးကားပေါ်မှအရပ်ဝတ်ဖြင့်လူနှစ်ဦးဆင်းလာကာ ကိုဇော်မင်းအား “မင်းက ဇော်မင်း”လားဟုမေးရာ "မဟုတ်ဘူး" ဟုပြန်ပြောခဲ့သည်။
၎င်းတို့နှစ်ဦးအနက် တစ်ဦးက ကိုဇော်မင်းရဲ့လက်မောင်းကိုချုပ်ကိုင်ကာ ကားပေါ်သို့အတင်းဆွဲတင်ခေါ်ဆောင်ပြီး မော်လမြိုင်ဘက်သို့မောင်းလာစဉ် ကားပေါ်တွင်လိုက်ပါလာသူတစ်ဦး က ပြောက်ကျားအင်္ကျီကိုဝတ်ဆင်လိုက်ပြီး မော်လမြိုင်မြို့အရောက် မြိုင်သာယာရပ်ရှိ ဓနိရည် ဆိုင်တစ်ဆိုင်ရှေ့မှာကားရပ်ခဲ့သည်။
အဆိုပါဆိုင်အတွင်း ကရင်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့မှတစ်ဦးနှင့်အသိဖြစ်သူ သိန်းဌေးတို့ရောက်နေတာကိုတွေ့ရသဖြင့် ကိုဇော်မင်းမှ "ကိုသိန်းဌေးကျွန်တော့်မှာဘာအပြစ်ရှိလို့ဖမ်းတာလဲ”ဟုမေးရာ၎င်းမှ "မင်းဘာမှ မပြောနဲ့ မင်းကို ထောင်(၁၇)နှစ်ကျအောင်၊ ဘဝပျက်အောင်လုပ်ပြမယ်”ဟုပြောဆိုခဲ့သည်။ထို့နောက် "သိန်း (၁၀၀) ပေးမှမင်းကို လွှတ်ပေးမယ်´´ဟုထပ်မံပြောဆိုပြီးနောက် သိန်းဌေးက ကရင်ငြိမ်းချမ်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို ဓနိရည်ဆိုင် အပြင်ဘက်သို့ ခေါ်ဆောင်စကားပြောပြီး၊ခဏအကြာတွင် ၎င်းထံသို့ ပြန်ရောက်လာကာ ကရင်ငြိမ်းချမ်း ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်မှူးဟု ဆိုသူက "ငွေသိန်း(၂၀) ပေးရင်မင်းကိုပြန်လွှတ်ပေးမယ်" ဟု ပြောဆိုခဲ့သည်။သိန်းဌေးက "မင်းငွေ မပေးရင်ခရိုင်ရဲစခန်း ကိုအပ်မယ်"ဟုပြောခဲ့ရာ ၎င်းကကြောက်လန့်ပြီးဖုန်းတောင်း၍ သားဖြစ်သူထံသို့ဖုန်းဆက်ကာ ငွေသိန်း(၂၀)ကို(၁၀)မိနစ်အတွင်းပို့ပေးရန်ပြောခဲ့ပြီး မိသားစုကငွေသိန်း၂၀ကို WaveMoney ဖြင့်လွှဲပေးခဲ့သည်။
သိန်းဌေးက အဆိုပါငွေကို သွားရောက်ထုတ်ယူခဲ့ပြီးနောက် ကိုဇော်မင်းကို သုံးဘီးငှားပေးပြီး နေအိမ်ကိုပေးပြန်ပို့ခဲ့သောကြောင့် ၎င်းကိုအတင်းအဓမ္မခြိမ်းခြောက်ခေါ်ဆောင်ကာငွေတောင်းခံခဲ့သူများကို အရေးယူပေးရန်တိုင်ကြားခဲ့သည်။
မုဒုံမြို့မရဲစခန်းက၊(ပ)၁၅၆၅/၂၀၂၀ရာဇသတ်ကြီးပဒေပုဒ်မ၃၆၅/၃၈၈/၁၁၄အရအမှုရေးဖွင့်ကာစခန်းမှုးဒုရဲမှုးအောင်မျိုးထွန်းနှင့်အဖွဲ့က စစ်ဆေးခဲ့သည်။အမှုတွင်ပါဝင်သူ သိန်းဌေးအပါအဝင် လူ(၄)ဦးကိုအခင်းဖြစ်စဉ်ကအသုံးပြုသောကားနှင့်အတူမော်လမြိုင်မြို့တွင်ဖမ်းဆီးရမိခဲ့သည်။
ထိုသို့ဖမ်းဆီးစဉ်သိန်းဌေးထံမှငွေ(၁၂)သိန်းကျော်ပြန်လည်သိမ်းဆီးရရှိပြီး ကျန်ငွေများကိုခွဲဝေသုံးပြစ်လိုက်ကြောင်းနှင့်လူမှုရေးကိစ္စနှင့်ပတ်သက်၍ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်းထွက်ဆို ခဲ့သည်။သိန်းဌေးနှင့်အတူဖမ်းဆီးရမိသူများမှာ ကရင်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်မှူးအဆင့်ရှိသူစောကျော်ဇောနှင့်အဖွဲ့ဝင်များဖြစ်သည့်စိုးမိုးအောင်၊နှင့်စိန်ဝင်းတို့ဖြစ်သည်။ပြစ်မှုကျူးလွန်ရာတွင်အသုံးပြုသည့် စောကျော်ဇော၏ကား၊သိန်းဌေး၏ဆိုင်ကယ်နှင့်အဖွဲ့စည်းယူနီဖောင်းများကိုလည်းသိမ်းဆည်းကာ အမှုမှတိမ်းရှောင်သူ ကျော်လင်းကို ဖမ်းဆီးစစ်ဆေးနိုင်ရန် ဆက်လက် စုံစမ်းလျက်ရှိသည်။

















