ဗီယက်နမ်၌ ရေကြီးရေလျှံမှုများကြောင့် လူ ၁၇ ဦးသေဆုံးပြီး ၁၃ ဦးပျောက်ဆုံးနေဆဲဖြစ်

ဗီယက်နမ်၌ ရေကြီးရေလျှံမှုများကြောင့် လူ ၁၇ ဦးသေဆုံးပြီး ၁၃ ဦးပျောက်ဆုံးနေဆဲဖြစ်

ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းရှိ ခရိုင်များ၌ လွန်ခဲ့သောအပတ်တွင် ရေကြီးရေလျှံမှုများကြောင့် လူ ၁၇ ဦးခန့်သေဆုံးခဲ့ပြီး ၁၃ ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံပိုင်မီဒီယာက အောက်တိုဘာ ၁၁ ရက်တွင် ဖော်ပြခဲ့သည်။

လာမည့်ရက်ပိုင်းအတွင်း နိုင်ငံအလယ်ပိုင်းဒေသသို့ တိုင်ဖွန်းမုန်တိုင်း လင်ဖာဝင်ရောက်တိုက်ခတ်ဦးမည်ဖြစ်သည်။

မုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများရှိလာနိုင်ကြောင်း နိုင်ငံပိုင် ဗီယက်နမ်ရုပ်သံ(VTV) က ဖော်ပြခဲ့သည်။

ဗီယက်နမ်အလယ်ပိုင်း ကွမ်ထရီခရိုင်ရှိ ကမ်းရိုးတန်းသို့ မုန်တိုင်းဝင်ရောက်တိုက်ခတ်မှုကြောင့် ငါးဖမ်းသမားများကို ကမ်းခြေစောင့်တပ်က ကယ်တင်ခဲ့ရပြီးဖြစ်သည်။

ရေကြီးရေလျှံမှုကြောင့် လူထောင်ပေါင်းများစွာသည် စားနပ်ရိက္ခာရရှိရေးအတွက် အခက်အခဲရှိနေသည်။ လူ ၃၁၀၀၀ ခန့်သည် နေအိမ်များကို စွန့်ခွာခဲ့ရပြီး နေအိမ်အလုံး ၃၃၀၀၀ သည် ထိခိုက်ပျက်စီးခဲ့ကြောင်း အစိုးရ၏စာရင်းအင်းများအရသိရသည်။

ဗီယက်နမ်၌ ရှည်လျားသော ကမ်းရိုးတန်းရှိသဖြင့် မုန်တိုင်းများ မကြာခဏဝင်ရောက်တိုက်ခတ်တတ်ပြီး ရေကြီးရေလျှံမှုများလည်း မကြာခဏဖြစ်ပွားတတ်သည်။

ယမန်နှစ်အတွင်း ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများကြောင့် လူ ၁၃၂ ဦးသေဆုံးပြီး ၂၀၇ ဦး ဒဏ်ရာရရှိခဲ့သည်။