အိန္ဒိယ၌ COVID-19 ကူးစက်သူ ၇ ဒသမ ၁၂ သန်းရှိလာ

အိန္ဒိယ၌ COVID-19 ကူးစက်သူ ၇ ဒသမ ၁၂ သန်းရှိလာ

အိန္ဒိယနိုင်ငံ၌ အောက်တိုဘာ ၁၂ ရက်တွင် COVID-19 ကူးစက်သူသစ် ၆၆၇၃၂ ဦးရှိခဲ့သောကြောင့် ကူးစက်သူ ၇ ဒသမ၁၂  သန်း ရှိနေပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ စာရင်းအင်းများအရသိရသည်။

အိန္ဒိယ၌ အောက်တိုဘာ ၁၂ ရက်တွင် COVID-19 ဖြင့်သေဆုံးသူ ၈၁၆ ဦးရှိခဲ့သောကြောင့် သေဆုံးသူ စုစုပေါင်း ၁၀၉၁၅၀ ရှိနေပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

အိန္ဒိယ၌ အောက်တိုဘာ ၁၁ ရက်အထိ COVID-19 ကူးစက်သူ ခုနစ်သန်းရှိခဲ့သည်။ အိန္ဒိယ၌ ၁၃ ရက်အတွင်း ကူးစက်သူသစ် တစ်သန်းပြည့်ခဲ့ခြင်းဖြစ်သည်။

COVID-19 ကူးစက်သူ ရှစ်သန်းရှိသော အမေရိကန်ပြည်ထောင်စုပြီးနောက် အိန္ဒိယသည် ကူးစက်သူ ဒုတိယအများဆုံးရှိနေသည့် နိုင်ငံဖြစ်သည်။

COVID-19 ဖြင့်သေဆုံးသူဦးရေတွင် အိန္ဒိယ၊ ဗီယက်နမ်နှင့် ထိုင်ဝမ်အထိ အာရှနိုင်ငံများသည် ဥရောပနိုင်ငံများ၊ အမေရိကန်ပြည်ထောင်စုတို့နှင့် နှိုင်းယှဉ်လျှင် လွန်စွာနည်းပါးနေကြောင်း အိန္ဒိယအစိုးရ၏ကျန်းမာရေးအကြံပေး ဒေါက်တာ ရန်ဒီး ဂူလဲရီယာကပြောဆိုခဲ့သည်။

သို့သော် အိန္ဒိယ၌ မှတ်တမ်းတင်မှုနည်းပါးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်အားနည်းခြင်းတို့ကြောင့် သေဆုံးသူဦးရေသည် အစိုးရကထုတ်ပြန်သည့် ဦးရေထက် ပိုမိုများပြားနိုင်ကြောင်း ကျွမ်းကျင်သူများကပြောဆိုခဲ့သည်။

အိန္ဒိယ၌ ၂၀၂၁ ခုနှစ် ဇူလိုင်လသို့ရောက်ရှိချိန်တွင် လူ သန်း ၂၅၀ အား ကာကွယ်ဆေးထိုးပြီးဖြစ်နေရန် လျာထားထားကြောင်း ကျန်းမာရေးဝန်ကြီး ဟက်ရှ် ဗာဓန်က လွန်ခဲ့သောအပတ်တွင်ပြောဆိုခဲ့သည်။ အစိုးရသည် ကာကွယ်ဆေး တစ်ကြိမ်ထိုးပမာဏ သန်း ၄၅၀ မှ သန်း ၅၀၀ အထိရရှိရန် စီစဉ်ထားကြောင်း ဗာဓန်ကပြောဆိုခဲ့သည်။

အိန္ဒိယ၌ ဇူလိုင်တွင် ကူးစက်သူသစ်ဦးရေ တစ်ရှိန်ထိုးမြင့်တက်ခဲ့ပြီး သြဂုတ်တွင် ကူးစက်သူနောက်ထပ် နှစ်သန်းရှိလာခဲ့ကာ စက်တင်ဘာတွင် နောက်ထပ် သုံးသန်းတိုးလာခဲ့သည်။

အိန္ဒိယ၌ အောက်တိုဘာလအတွင်း တစ်ရက်လျှင် ကူးစက်သူသစ် ၇၀၀၀၀ ကျော်ရှိနေပြီး ပြန်လည်ကျန်းမာမှုနှုန်းသည် ၈၅ ရာခိုင်နှုန်းရှိနေကာ ဆက်လက်ပိုးတွေ့ရှိသူဦးရေသည် တစ်သန်းအောက်သာရှိနေကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။