ကန့်ဘလူမြို့နယ်တွင် NLD ပါတီ အောင်နိုင်ရေး မဲဆွယ်စည်းရုံးရေးကား ပေါ်မှ မီးစက်မီးလောင်မှုဖြစ်ပွားကာ လူ ၄ ဦး မီးလောင်ဒဏ်ရာ ရရှိခဲ့ကြောင်း အောက်တိုဘာ ၁၂ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။
ကန့်ဘလူမြို့နယ် အင်းလယ်ကြီးကျေးရွာအုပ်စု အင်းလယ်ကြီး-ရွာမ-ကန့်ဘလူ ကားလမ်းပေါ်တွင်အောက်တိုဘာ ၁၀ ရက်နေ့ ညနေပိုင်းက ကန့်ဘလူမြို့နယ် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ပါတီ အောင်နိုင်ရေးအတွက် မဲဆွယ်စည်းရုံး၍ လှည့်လည်နေသည့် Skat အမျိုးအစား အပြာရောင် ယာဉ်ပေါ်တွင် မီးစက်မှတစ်ဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းအရ ရဲတပ်ဖွဲ့မှ သွားရောက် စစ်ဆေးခဲ့သည်။
စုံစမ်းချက်အရ ယာဉ်ပေါ်တွင်ပါရှိသည့် မီးစက်မှ ဒိုင်နမို တပ်ဆင်ထားသည့် ကာဗွန်ကြားသို့ ဓာတ်ဆီဖိတ်ကျရာမှ မီးတောက်ဖြစ်ပေါ်ပြီး အနီးရှိ ဓာတ်ဆီပုံးသို့ မီးကူးစက် လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။မီးလောင်မှုဖြစ်ပွားရာသို့ ကန့်ဘလူမြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ထန်းကုန်းနယ် မြေရဲစခန်းမှ တာဝန်ရှိသူများ သွားရောက်မီးငြိမ်းသတ်ခဲ့ကြသည်။မီးလောင်မှုကြောင့်မဲဆွယ်စည်းရုံးရေးလိုက်ပါဆောင်ရွက်သူ ၁၃ ဦးအနက် လေးဦးမှာ ခြေထောက်နှင့် ကျောပြင်တို့၌ မီးလောင်ဒဏ်ရာများပြင်းထန်စွာ ရရှိခဲ့ကြသဖြင့် ကန့်ဘလူမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခဲ့ရသည်။
ထို့ပြင် မီးလောင်မှုကြောင့် ဓာတ်ဆီအင်ဂျင် တစ်လုံး၊ မိုက်မစ်ဇာ နှစ်လုံး၊ MPဖိုင်ယာ တစ်လုံး၊ sound box တစ်လုံး စုစုပေါင်း ငွေကျပ် ၆၅၀၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့သောကြောင့် မီးစက်မောင်းနှင်သူ ကိုဖိုးဖိန့် ကိုအရေးယူပေူရန်တိုင်ကြားခဲ့သည်။ ထန်းကုန်းနယ်မြေရဲစခန်းမှ (ပ) ၆၇/၂၀၂၀ ရာဇသတ်ကြီး ပုဒ်မ ၂၈၅၊ ၃၃၇၊ ၃၃၈ အရ အမှုဖွင့်အရေး ယူထားသည်။

















