COVID-19 ဖြစ်စေသည့် SARS-COV-2 ဗိုင်းရပ်စ်သည် ငွေစက္ကူများ၊ ဖန်နှင့် သံမဏိမျက်နှာပြင်များပေါ်၌ ၂၈ ရက်အထိ ရှင်သန်နိုင်ကြောင်း သြစတြေးလျသုတေသနပညာရှင်များက အောက်တိုဘာ ၁၂ ရက်တွင် ပြောဆိုခဲ့သည်။
အပူချိန် ၂၀ ဒီဂရီဆဲစီးယပ်စ်တွင် SARS-COV-2 ဗိုင်းရပ်စ်သည် မိုဘိုင်းဖုန်းမျက်နှာပြင်နှင့် ငွေစက္ကူများကဲ့သို့ မျက်နှာပြင်များပေါ်၌ ၂၈ ရက်အထိ နေနိုင်ကာ ဆက်လက်ကူးစက်နိုင်စွမ်းရှိနေကြောင်း သြစတြေးလျအမျိုးသားသိပ္ပံအေဂျင်စီ CSIRO မှ သုတေသနပညာရှင်များက လေ့လာတွေ့ရှိခဲ့သည်။
လေ့လာမှုကို Virology ဂျာနယ်၌ ဖော်ပြထားသည်။
ဆန့်ကျင်ဘက်အားဖြင့် တုပ်ကွေးဖြစ်စေသည့် ဗိုင်းရပ်စ်သည် အဆိုပါမျက်နှာပြင်များပေါ်၌ ၁၇ ရက်အထိ အသက်ရှင်နေနိုင်ကြောင်း တွေ့ရှိခဲ့သည်။
CSIRO ပညာရှင်များသည် COVID-19 လူနာများထံထုတ်ယူထားသော ဗိုင်းရပ်စ်များကို ဓာတ်ခွဲခန်းရှိ စမ်းသပ်မျက်နှာပြင်များပေါ်တွင် တစ်လကြာထားရှိပြီး စောင့်ကြည့်မှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အပူချိန် ၂၀၊ ၃၀ နှင့် ၄၀ ဒီဂရီဆဲစီးယပ်စ်တွင် ဗိုင်းရပ်စ်ကိုထားရှိပြီး လေ့လာခဲ့ကာ အပူချိန်များသည်နှင့်အမျှ ဗိုင်းရပ်စ်ရှင်သန်ချိန်နည်းလာကြောင်း တွေ့ရှိခဲ့သည်။
မည်သည့်မျက်နှာပြင်မျိုးတွင် ဗိုင်းရပ်စ် အချိန်မည်မျှကြာအောင် နေနိုင်သည်ကို သိရှိခြင်းကြောင့် ဗိုင်းရပ်စ်တားဆီးရေးတွင် အထောက်အကူရနိုင်ကြောင်း CSIRO အမှုဆောင်အရာရှိ လာရီ မာရှယ်ကပြောဆိုခဲ့သည်။
ခန္ဓာကိုယ်မှထွက်သော အရည်များရှိ ပရိုတိန်းနှင့် အဆီများကြောင့်လည်း ဗိုင်းရပ်စ် ရှင်သန်ချိန် ပိုများနိုင်ကြောင်းကိုလည်း လေ့လာတွေ့ရှိခဲ့သည်။
ယင်းကြောင့် အေးခဲအသားများတွင် SARS-COV-2 ဗိုင်းရပ်စ် ရက်ရှည်နေနိုင်ခြင်းဖြစ်ကြောင်း CSIRO ၏ သြစတြေးလျရောဂါပြင်ဆင်ရေးဌာနအကြီးအကဲ ထရီဗာ ဒရူးကပြောဆိုခဲ့သည်။

















