စစ်ရေးပြအခမ်းအနားတွင် အဆင့်မြင့်ဒုံးကျည်သစ်များပြသခဲ့ပြီးနောက် မြောက်ကိုရီးယားအနေဖြင့် ယခင်က ထားရှိခဲ့သော လက်နက်ဖျက်သိမ်းရေး ကတိကဝတ်များကို စောင့်ထိန်းရန် တိုက်တွန်းကြောင်း တောင်ကိုရီးယားက အောက်တိုဘာ ၁၂ ရက် တွင် ပြောဆိုခဲ့သည်။
အာဏာရပါတီ တည်ထောင်ခြင်း ၇၅ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားတွင် မြောက်ကိုရီးယားသည် ဒုံးကျည်လက်နက် အစုံအလင်ခင်းကျင်းပြသခဲ့ပြီး ပြည်ပနိုင်ငံများ မမြင်ဖူးသည့် တိုက်ချင်းပစ်ဒုံးကျည်တစ်စင်းနှင့် ရေငုပ်သင်္ဘောမှပစ်ခတ်နိုင်သည့် ဒုံးကျည်တစ်စင်းတို့ကို ပြသခဲ့သည်။
မြောက်ကိုရီးယားသည် အမေရိကန်ပြည်ထောင်စုနှင့် နျူလက်နက်ဖျက်သိမ်းရေးဆွေးနွေးမှုများ မအောင်မြင်ခဲ့ပြီးနောက် လက်နက်ထုတ်လုပ်မှုကို တိုးမြှင့်ခဲ့သော်လည်း စစ်ရေးပြပွဲတွင် ပြသခဲ့သည့် တိုက်ချင်းပစ်ဒုံးကျည်မှာ စမ်းသပ်ဆဲအဆင့်တွင်သာရှိနေသည့် ဒုံးကျည်ဖြစ်နိုင်ကြောင်း လေ့လာသူများက သုံးသပ်သည်။
တိုက်ချင်းပစ် ဒုံးကျည်သစ်တစ်စင်းအပါအဝင် မြောက်ကိုရီးယား ထုတ် ဖော်ပြသခဲ့သည့် လက်နက်များနှင့် ပတ်သက်၍ စိုးရိမ်မှုရှိကြောင်း တောင်ကို ရီးယား ကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၂ ရက်တွင် ပြောဆိုခဲ့သည်။

















