အီရန်နိုင်ငံမြို့တော် တီဟီရန်၌ COVID-19 တိုက်ဖျက်ရေး တင်းကျပ်သော ပိတ်ပင်ကန့်သတ်ချက်များကို ချမှတ်ခဲ့ပြီးနောက် အခြားသော မြို့ကြီးများရှိ အများပြည်သူဆိုင်ရာနေရာများ၌ နှာခေါင်းစည်း မတပ်မနေရအမိန့် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း အီရန်ကျန်းမာရေးဝန်ကြီးက အောက်တိုဘာ ၁၁ ရက်တွင် ပြောဆိုခဲ့သည်။
နှာခေါင်းစည်း မတပ်မနေရ အမိန့်သည် မြို့တော် တီဟီရန်၌ အောက်တိုဘာ ၉ ရက်မှစ၍ သက်ရောက်ခဲ့ပြီးဖြစ်သည်။
မလိုက်နာသူများကို ဒဏ်ငွေချမှတ်မည်ဖြစ် ကြောင်း သမ္မတဟာဆင်ရိုဟာနီက ကြေညာခဲ့သည်။
အီရန်သည် COVID-19 တတိ ယလှိုင်းနှင့် ရင်ဆိုင်နေရသည်။
‘’ စည်းကမ်းမလိုက်နာမှုတွေကို ပိုပြီး တင်းတင်းကျပ်ကျပ် အရေးယူဖို့ရာ ကျွန်တော်တို့ကို ကူညီဖို့အတွက် ရဲတပ်ဖွဲ့ဝင်တွေ၊ ပြည်သူ့ စေတနာ့ဝန်ထမ်းတွေနဲ့ လူမှုရေးအဖွဲ့အစည်းတွေကို မေတ္တာရပ်ခံပါတယ်။ တီဟီရန်မှာ ဒီဆောင်ရွက်ချက်ကို စတင်ဖို့ ဆုံးဖြတ်ခဲ့ပြီးဖြစ်သလို အခြားမြို့ကြီးတွေမှာလည်း လာမယ့် သီတင်းပတ်တွေမှာ ဆောင်ရွက်မှာ ဖြစ်ပါတယ်’’ ဟု ကျန်းမာရေးဝန်ကြီး ဆာယက် နာမာကီကပြောဆိုခဲ့သည်။
အီရန်အဏုမြူစွမ်းအင်အဖွဲ့ အကြီးအကဲ ဗိုလ်ချုပ် အလီအက္ကဘာဆာလာဟီသည် COVID-19 ကူးစက်ခံထားရသော်လည်း ကျန်းမာရေးကောင်းမွန်နေကာ အဖွဲ့၏လုပ်ငန်းစဉ်များကို ဆက်လက်ကြီးကြပ်နေဆဲဖြစ်ကြောင်း အီရန်မီဒီယာများကဖော်ပြခဲ့သည်။
အီရန်အစိုးရအဖွဲ့အတွင်း COVID-19 ကူးစက်ခံခဲ့ရသည့် အဆင့်မြင့်အရာရှိကြီးများစွာ ရှိနေပြီး ဒုတိယသမ္မတ နှစ်ဦးလည်း ကူးစက်ခံခဲ့ရကြောင်း သိရသည်။

















