ဂျာမနီ၌ လူစုလူဝေးပိတ်ပင်ချက်နှင့် ခရီးသွားခွင့်ကန့်သတ်ချက်များ ဆက်လက်ထားရှိမည်

ဂျာမနီ၌ လူစုလူဝေးပိတ်ပင်ချက်နှင့် ခရီးသွားခွင့်ကန့်သတ်ချက်များ ဆက်လက်ထားရှိမည်

ဂျာမနီ၌ COVID-19  ကူးစက်မှုနှုန်း ဆက်လက်မြင့်တက်နေခြင်းကြောင့် မလိုအပ်ဘဲ ခရီးသွားလာမှုများကို ကန့်သတ်ပိတ်ပင်ခြင်းနှင့် လူစုလူဝေးမပြုရပိတ်ပင်ခြင်း အစရှိသည် ကန့်သတ်ချက်စည်းမျဉ်းများကို ဆက်လက်ထားရှိသွားမည်ဖြစ်ကြောင်း ဂျာမနီဝန်ကြီးချုပ် အန်ဂျလာမာကယ်၏ ဝန်ထမ်းရေးရာဦးစီးအရာရှိ ဟေဂယ် ဘရောင်းက အောက်တိုဘာ ၁၂ ရက်တွင် ပြောဆိုခဲ့သည်။ 

“လူစုလူဝေးလုပ်တာတွေကို ပိတ်ပင်ရပါမယ်၊ ဗိုင်းရပ်စ်ကူးစက်မှုအများဆုံး ဖြစ်တဲ့ နေရာတွေ မှာ ကန့်သတ်ပိတ်ပင်မှုတွေ လုပ်ရမယ်။ ပြောရရင် ခရီးသွားတာတွေလည်း ပါတာပေါ့။ ကျွန်တော်တို့က ဒုတိယလှိုင်းရဲ့ အစမှာပဲ ရှိပါသေးတယ်။ ဗိုင်းရပ်စ်ကူးစက်မှုကို ကာကွယ်နိုင်မယ်၊ မကာကွယ်နိုင်ဘူးက အများပြည်သူရဲ့ လိုက်နာမှုအပေါ် မူတည်နေပါတယ် ဟု ဘရောင်းကပြောဆိုခဲ့သည်။

ဂျာမနီသည် COVID-19 ကူးစက်သူနှင့် သေဆုံးသူဦးရေတွင် အိမ်နီးချင်းနိုင်ငံများထက် နည်းပါးခဲ့သော်လည်း အောက်တိုဘာ ၈ ရက်နေ့မှ စတင်ကာ တစ်ရက်အတွင်း ကူးစက်သူသစ် ၄၀၀၀ နှင့် အထက် ရှိခဲ့သည်။

အောက်တိုဘာ ၁၁ ရက်တွင် ကူးစက်သူသစ်ဦးရေ ကျဆင်းသွားသော်လည်း ယခုသီတင်းပတ်အကုန်တွင် စစ်ဆေးမှုကို လျှော့ချပစ်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

ရက်သတ္တတစ်ပတ်အတွင်း လူ ၁၀၀၀၀၀ လျှင် ကူးစက်သူ ၅၀ ကျော်ပါက မြို့ကြီးများတွင် ကူးသန်းသွားလာမှုဆိုင်ရာ ပိတ်ပင်ချက်များကို ချမှတ်ရန် ဝန်ကြီးချုပ်မာကယ်နှင့် မြို့တော်ဝန်များက သဘောတူထားခဲ့ကြသည်။

ယင်း သတ်မှတ်မှုထက် ကျော်လွန်နေသည့် မြို့ပေါင်း ၂၀ ကျော်ရှိကြောင်းလည်း သိရသည်။