မင်းဘူးမြို့နယ်၊ မကျီးပင်ကျေးရွာမှ တောင်သူဦးအောင်မိုး၏ ယာမြေအတွင်း ပျုခေတ်ရှေးဟောင်းပစ္စည်းများတရားမဝင်တူးဖော်နေသည့် လူ ၃ဝဝခန့်က လာရောက်တားဆီးသည့် ရဲတပ်ဖွဲ့ဝင်များအား ရန်မူတိုက်ခိုက်ခဲ့သဖြင့် အမှုဖွင့်အရေးယူထားကြောင်းမြို့မရဲစခန်းစခန်းမှူး ဒုရဲမှူးမြင့်ဇော်ကပြောသည်။
အဆိုပါလူများအသည် အောက်တိုဘာ ၁ဝ ရက် ညပိုင်းက ပျုရှေးဟောင်ပစ္စည်းများတွေ့ရှိသည်ဟုဆိုကာ တူးဖော်ခဲ့ကြခြင်းဖြစ်ပြီး လာရောက်တားဆီးသည့် ရဲတပ်ဖွဲ့ဝင်များအား လေးခွများဖြင့် ဝိုင်းဝန်းပစ်ခတ်ကြသဖြင့် ရဲတပ်ဖွဲ့ဝင်များက သေနတ်ပစ်ဖောက်ခြောက်လန့်ကာ ဆုတ်ခွာခဲ့ရကြောင်းသိရသည်။
''သတင်းပေးတိုင်တန်းချက်အရသွားရောက်တားဆီးတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို တူးဖော်နေတဲ့လူတွေက ဝိုင်းလိုက်ပြီး လေးခွတွေနဲ့ ပစ်ကြတာကိုခြောက်လှန့်တဲ့အနေနဲ့ သေနတ်ကိုမိုးပေါ်ထောင်ကာပစ်ဖောက်ပြီး နောက်ဆုတ်လာခဲ့ရပါတယ်။ သူတို့က လူအင်အား ၃ဝဝ လောက်ရှိတော့ အလွန်အကျွံမဖြစ်အောင် ဆုတ်လာခဲ့တာဖြစ်ပါတယ်။ လူအင်အားနဲ့ ဝိုင်းဝန်းပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိလို့ မင်းဘူးဆေးရုံကြီးမှာ ဆေးဝါးကုသခံယူနေရပါတယ''ဟု စခန်းမှူးဒုရဲမှူးမြင့်ဇော်က ပြောသည်။
ရှေးဟောင်းပစ္စည်းတူးဖော်သူများသည် ယာပိုင်ရှင်ဦးအောင်မိုး၏ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်တူးဖော်ခြင်းနှင့် ရှေးဟောင်းပစ္စည်းများကို ဥပဒေမဲ့တူးဖော်ထုတ်ယူခြင်း၊ တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်များအားရန်မူကာ ကိုယ်ထိလက်ရောက်ကျုးလွန်ခဲ့ကြသဖြင့် အောက်တိုဘာ ၁၁ ရက်တွင် တိုင်း၊ ခရိုင်၊ မြို့နယ်တို့မှ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ သွားရောက်တားဆီးရာ တူးဖော်နေသူများအနေဖြင့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြကြောင်းသိရသည်။ မင်းဘူးမြို့မရဲစခန်းတွင်ယာမြေပိုင်ရှင်၏ တိုင်ကြားချက်အရ(ပ)၆၇၂/၂ဝ၂ဝ၊ ရာဇသတ်ကြီးပုဒ်မ၄၄၇/၄၂၇ တို့ဖြင့် အမှုဖွင့်ကာအရေးယူ ဆောင်ရွက်ထားကြောင်းသိရသည်။
ထို့ပြင် တူးဖော်ထားသည့် မြေကျင်းများအတွင်းမှ ပျူခေတ်ပစ္စည်းဟုယူဆရသော အိုးအပိုင်းအစများ၊ လူရိုးများနှင့် မြေအိုးများ ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ မကွေးတိုင်းဒေသကြီး ရှေးဟောင်းသုတေသနဦးစီးဌာန ဒုတိယညွှန့်ကြားရေးမှူး ဦးမြင့်သိန်းက ရှေးဟောင်းပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေးဥပဒေအရ ရှေးဟောင်းပစ္စည်းများကို ရေရှည်ဆက်လက်ကာကွယ်ထိန်းသိမ်းရန်အတွက် ရုံးချုပ်သို့တင်ပြဆောင်ရွက်မည်ဖြစ်သည်။
















