တရုတ်နိုင်ငံ၌ အောက်တိုဘာ ၁၂ ရက်တွင် ပြည်တွင်း COVID-19 ကူးစက်သူများရှိခဲ့ပြီး ယင်းသည် နှစ်လတာကာလအတွင်း ပထမဆုံးအကြိမ်ပြည်တွင်းကူးစက်မှုရှိလာခြင်းဖြစ်ကြောင်း တရုတ်ကျန်းမာရေးကော်မရှင်က အောက်တိုဘာ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။
တရုတ်နိုင်ငံ၌ အောက်တိုဘာ ၁၂ ရက်တွင် COVID-19 ကူးစက်သူ ၁၃ ဦးရှိခဲ့ကြောင်း ကော်မရှင်က ထုတ်ပြန်ခဲ့သည်။
ကူးစက်သူ ၁၃ ဦးအနက် ခုနစ်ဦးသည် ပြည်ပတွင် ကူးစက်ခံခဲ့ရသူများဖြစ်ကြပြီး ခြောက်ဦးသည် ပြည်တွင်းကူးစက်သူများဖြစ်ကာ နိုင်ငံအရှေ့ပိုင်း ရှန်တုံပြည်နယ်မှဖြစ်သည်။
တရုတ်နိုင်ငံ၌ သြဂုတ် ၁၅ ရက်တွင် နောက်ဆုံးပြည်တွင်းကူးစက်မှုရှိခဲ့ပြီး ရှင်ကျန်း၌ ကူးစက်သူလေးဦးရှိခဲ့ခြင်းဖြစ်သည်။
ရှန်တုံပြည်နယ် ချင်တောက်မြို့၌ ပြည်ပတွင် ကူးစက်ခံခဲ့ရသူများကို ကုသပေးရန် ရည်ရွယ်သည့် ဆေးရုံတစ်ရုံနှင့်ဆက်စပ်၍ ကူးစက်သူသစ်များရှိခဲ့ပြီးနောက် တစ်မြို့လုံး၌ COVID-19 ရှိမရှိစစ်ဆေးမှုများပြုလုပ်နေပြီဖြစ်သည်။
တရုတ်နိုင်ငံ၌ COVID-19 ကူးစက်သူ ၈၅၅၉၁ ဦးနှင့် သေဆုံးသူဦးရေသည် ၄၆၃၄ ဦးမှ တိုးလာခြင်းမရှိချေ။

















