မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်သည် အနစ်နာခံပေးဆပ်မှုများအတွက် နိုင်ငံသားများကို ကျေးဇူးတင်ပြီး နိုင်ငံသားများ၏လူနေမှုအဆင့်အတန်းမြင့်မားလာရေး မလုပ်ဆောင်ခဲ့သည့်အတွက် ၎င်းသည် တာဝန်ပျက်ကွက်ခဲ့ကြောင်း အောက်တိုဘာ ၁၀ ရက်တွင် ပြောဆိုခဲ့သည်။
နိုင်ငံလုံးဆိုင်ရာ သဘာဝဘေးအန္တရာယ်များကို တုံ့ပြန်မှု၊ COVID-19 ကူးစက်မှုတားဆီးရေးတို့တွင် စွမ်းစွမ်းတမံပါဝင်ခဲ့သည့်အတွက် စစ်သည်များကို ကျေးဇူးတင်ပြီး လူနေမှုဘဝမြင့်မားလာရေးလုပ်ဆောင်ရန် ပျက်ကွက်ခဲ့သည့်အတွက် နိုင်ငံသားများကို တောင်းပန်ပါကြောင်း ကင်က စစ်ရေးပြပွဲအခမ်းအနားတွင်ပြောဆိုခဲ့သည်။
ကင်သည် စကားပြောနေချိန်တွင် အသံတုန်နေပြီး မျက်ရည်များလည်း ဝဲနေခဲ့သည်။
ကင်သည် လူမြင်ကွင်းတွင် စိတ်ခံစားချက်ကို ထုတ်ပြန်ရုံသာမက အားနည်းချက်များကိုပါ ဝန်ခံလိုက်သည့်အတွက် အံ့သြစရာကောင်းလှကြောင်း အမေရိကန်အစိုးရအတွက် မြောက်ကိုရီးယားလေ့လာသူအဖြစ် ယခင်က လုပ်ကိုင်ခဲ့သည့် ရေချယ် မင်ယောင် လီကပြောဆိုခဲ့သည်။
စစ်ရေးပြပွဲအတွင်း ဒုံးကျည်သစ်များကို ပြသသည့်အချိန်တွင် ပြုံးပျော်နေသည့် ကင်သည် နိုင်ငံတကာပိတ်ဆို့မှုများ၊ တိုင်ဖွန်း၊ ရေကြီးရေလျှံမှုနှင့် COVID-19 တို့ကြောင့် မြောက်ကိုရီးယား၌ စီးပွားရေးအခက်အခဲများရှိနေခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။
“ပြည်သူတွေက ကျွန်တော့်အပါ်ထားရှိတဲ့ ယုံကြည်မှုဟာ မိုးလောက်လည်း မြင့်မားတယ်၊ ပင်လယ်လောက်လည်း နက်ရှိုင်းတယ်၊ ဒါပေမဲ့ အဲ့ဒီယုံကြည်မှုတွေအတိုင်း ပြည့်မီအောင် လုပ်ဆောင်ပေးဖို့တော့ ကျွန်တော် ပျက်ကွက်ခဲ့ပါတယ်၊ ဒါတွေအတွက် အင်မတန်ကို ဝမ်းနည်းမိပါတယ်” ဟု ကင်ကပြောဆိုခဲ့သည်။

















