သူလျှိုလွှတ်ခဲ့သည်ဆိုသည့် တရုတ်၏ စွပ်စွဲချက် ထိုင်ဝမ် ပယ်ချ

သူလျှိုလွှတ်ခဲ့သည်ဆိုသည့် တရုတ်၏ စွပ်စွဲချက် ထိုင်ဝမ် ပယ်ချ

ထိုင်ဝမ်ပညာရှင်တစ်ဦးကို အမျိုးသားလုံခြုံရေးအကြောင်းပြချက်ဖြင့် ဖမ်းဆီးခဲ့ကြောင်း တရုတ်နိုင်ငံပိုင်ရုပ်သံ၏ အစီအစဉ်တစ်ခုတွင် ထုတ်လွှင့်ပြသခဲ့ပြီး ထိုင်ဝမ်အနေဖြင့် သူလျှိုသစ်စေလွှတ်ခဲ့သည်ဆိုသည့် တရုတ်၏ စွပ်စွဲချက်အပေါ် ထိုင်ဝမ်က ငြင်းဆန်ခဲ့သည်။ 

ထိုင်ဝမ်သည် ၎င်းတို့၏ ပိုင်နက်ဖြစ်ကြောင်း တရုတ်က အခိုင်အမာ ပြောဆိုထားပြီး လွန်ခဲ့သော သီတင်းပတ်တွင်လည်း စစ်ရေးလေ့ကျင့်မှုများကို ကျွန်းအနီးတွင် တိုးမြှင့်လုပ်ဆောင်ခဲ့သည်။

တိုက်လေယာဉ်များကိုလည်း ထိုင်ဝမ်ရေလက်ကြား နယ်နိမိတ်မျဉ်းအပေါ်၌ ဖြတ် ကျော်ပျံသန်းခြင်းများ လုပ်ဆောင်ခဲ့သည်။

ချက်နိုင်ငံ၌ ယခင်က ပညာသင်ကြားခဲ့သည့် ချိန်ယုချင်ဟု အမည်ရှိသော ပညာရှင်တစ်ဦးသည် သူလျှိုအဖြစ် လုပ်ကိုင်ခဲ့ကြောင်း ဝန်ခံခဲ့သည်ဟု တရုတ်နိုင်ငံပိုင်ရုပ်သံက အောက်တိုဘာ ၁၂ ရက်အနှောင်းပိုင်းတွင် ထုတ်လွှင့်ခဲ့သည်။

ယင်းသို့ ထုတ်လွှင့်သည်မှာ နှစ်ရက်ဆက်တိုက်ရှိခဲ့ပြီဖြစ်သည်။

ချိန်သည် ယခင်က ထိုင်ဝမ်အာဏာရ ဒီမိုကရက်တစ်တိုးတက်ရေးပါတီ (DPP) ဥက္ကဋ္ဌ ချိုချွန်တိုင်၏ လက်ထောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း တရုတ်နိုင်ငံပိုင်ရုပ်သံက ဖော်ပြခဲ့သည်။

၎င်း၏လုပ်ရပ်များကြောင့် တရုတ်နိုင်ငံ ထိခိုက်နစ်နာခဲ့ရကြောင်း ချိန်က ဝန်ခံနေပုံကို ရုပ်သံဌာနက ထုတ်လွှင့်ခဲ့သည်။

ချိန်သည် ယမန်နှစ် ဧပြီလတွင် တရုတ်၌ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း ရုပ်သံဌာန၏ဖော်ပြချက်အရ သိရသည်။