COVID-19 ဒုတိယအကြိမ်ကူးစက်ခံရပါက ရောဂါပြင်းထန်ကြောင်း လေ့လာမှုဖော်ပြ

COVID-19 ဒုတိယအကြိမ်ကူးစက်ခံရပါက ရောဂါပြင်းထန်ကြောင်း လေ့လာမှုဖော်ပြ

COVID-19 အတည်ပြုလူနာများသည် ဒုတိယအကြိမ်ကူးစက်ခံရပါက ရောဂါလက္ခဏာပိုမိုပြင်းထန်ကြောင်း အောက်တိုဘာ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည့် လေ့လာမှုတစ်ခုအရသိရသည်။

The Lancet Infectious Diseases ဆေးပညာဂျာနယ်၌ ဖော်ပြထားသည့် လေ့လာမှု၌ အမေရိကန်ပြည်ထောင်စုတွင် COVID-19 ပြန်လည်ကူးစက်မှုတစ်ခုနှင့်ပတ်သက်၍ ဖော်ပြထားသည်။

နီဗားဒါးပြည်နယ်မှ အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးသည် ၄၈ ရက်ကြာကာလအတွင်း SARS-CoV-2 ဗိုင်းရပ်စ်မျိုးဗီဇကွဲနှစ်မျိုး ကူးစက်ခံခဲ့ရသည်။

ဒုတိယကူးစက်မှုသည် ပထမကူးစက်မှုထက် ပိုမိုပြင်းထန်ပြီး လူနာသည် အသက်ရှူစက်အကူဖြင့် နေထိုင်နေခဲ့ရသည်။

ဘယ်ဂျီယံ၊ နယ်သာလန်၊ ဟောင်ကောင်နှင့် အီကွေဒေါတို့ရှိ ဒုတိယအကြိမ်ကူးစက်ခံရသော လူနာတစ်ဦးစီနှင့်ပတ်သက်၍လည်း လေ့လာမှုတွင်ဖော်ပြထားသည်။

ပြန်လည်ကူးစက်မှုသည် COVID-19 ကို အုပ်စုလိုက်ခုခံနိုင်စွမ်းရှိသည်ဆိုသည့် အမြင်ကို ပြောင်းလဲစေခဲ့ကြောင်း နီဗာဒါးပြည်နယ်ပြည်သူ့ကျန်းမာရေးဓာတ်ခွဲခန်းမှ မာ့ခ် ပန်ဒိုရီကပြောဆိုခဲ့သည်။

ထို့ပြင် SARS-CoV-2 ကူးစက်ခံရပြီးနောက် ရောဂါသက်သာပျောက်ကင်းပြီး ခန္ဓာကိုယ်တွင်း ခုခံနိုင်စွမ်း မည်မျှကြာမြင့်သည်ကို နောက်ထပ်လေ့လာရန် လိုအပ်နေသေးကြောင်း မာ့ခ် ပန်ဒိုရီကပြောဆိုခဲ့သည်။

ကာကွယ်ဆေးသည် လူ့ခန္ဓာကိုယ်ရှိ သဘာဝခုခံအားစနစ်ကို လှုံ့ဆော်ပေးကာ အနာဂတ်တွင်ရှိလာမည့် ကူးစက်မှုများကို တိုက်ဖျက်ရန် ပဋိပစ္စည်းကို ထုတ်ပေးသည်။

သို့သော် COVID-19 ပဋိပစ္စည်း မည်သည့်အချိန်အထိ ဆက်ရှိနေမည်ကိုမူ မသိရသေးချေ။

ဝက်သက်ကဲ့သို့ ရောဂါတချို့အတွက်မူ ကာကွယ်ဆေးတစ်ကြိမ်ထိုးထားလျှင် တစ်သက်တာခုခံအားရှိစေသည်။

အမေရိကန်လူနာသည် ဒုတိယအကြိမ်တွင် ဗိုင်းရပ်စ်များစွာ ကူးစက်ခံရသောကြောင့် လက္ခဏာပြင်းထန်ခြင်းဖြစ်နိုင်ကြောင်း လေ့လာမှုတွင်ဖော်ပြထားသည်။