စစ်ကိုင်းတိုင်းဒေသကြီး၊ကလေးမြို့တွင်ပြည်တော်ပြန်များ၊ ရန်ကုန်၊မန္တလေး၊မုံရွာမြို့ကြီးများမှပြန်လည်ရောက်ရှိလာသူများ၊ ချင်းပြည်နယ်ဖက်မှလာရောက်သည့်သူများထံမှ COVID-19 ပိုးတွေ့ရှိမှုမြင့်တက်နေသောကြောင့် ကလေးမြို့အတွင်းအကြောင်းအမျိုးမျိုးဖြင့်ဖြတ်သန်းဝင်ရောက်လာသူအားလုံးကို အောက်တိုဘာ(၁၄)ရက်မှစတင်၍ သက်ဆိုင်ရာမြို့နယ်၏ကျန်းမာရေးထောက်ခံချက်မပါရှိပါက မြို့အတွင်းသို့ လုံး၀ ဝင်ရောက်ဖြတ်သန်းခွင့်ပြုတော့မည်မဟုတ်ကြောင်း ကလေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနမှဒုမြို့နယ်မှူးဦးမိုးကျော်သူကပြောသည်။
“အဝေးမြို့နယ်တွေကလာရင်မြို့နယ်ကျန်းမာရေးဋ္ဌာနထောက်ခံစာ၊ကလေးမြို့နယ်အတွင်းကျေးရွာတွေကလာရင်ကျေးရွာထောက်ခံစာပါမှသာ မြို့နယ်အတွင်းဖြတ်သန်းဝင်ရောက်ခွင့်ပြုမှာဖြစ်ပါတယ်၊အခုကျွန်တော်တို့မြို့နယ်ဋ္ဌာနဆိုင်ရာတာဝန်ရှိတွေ၊ပရဟိတအဖွဲ့တွေ၊ကျန်းမာရေးအဖွဲ့တွေပူးပေါင်းပြီးအသွားအလာများပြားတဲ့ ချင်းတောင်အဝင်ပေါက်နေရာတွေမှာပညာပေးဟောပြောမှုကမ်ပိန်းတွေဆောင်ရွက်နေပါတယ်၊”ဟု၎င်းကပြောသည်။
ကလေးမြို့တွင် COVID-19 ရောဂါပိုးတွေ့ရှိ့မှုများပြားလာမှုကြောင့် အရောင်းအဝယ်ဒုတိယအကောင်းဆုံးဈေးဖြစ်သည့် တာဟန်းဈေးကြီးကိုခေတ္တပိတ်ထားခဲ့ရပြီး၊စမ်းမြို့ရပ်ကွက်ကို Home Quarantine ထားရှိခဲ့ရသည်။
အောက်တိုဘာလ(၁၀)ရက်မှစ၍ အဝေးပြေးကုန်ကားယာဉ်မောင်းယာဉ်နောက်လိုက်များကို ကလေးခရိုင်ကျန်းမာရေးဋ္ဌာနမှဦးဆောင်၍ ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်ပြီး ကျန်းမာရေးထောက်ခံစာများထုတ်ပေးလျှက်ရှိသည်။
ကလေးမြို့အဝင်အထွက် ကျန်းမာရေးစစ်ဆေးမှုများကိုကလေးဝ-မဟာမြိုင်-ယာကြီးလမ်း-တမူးဖက်မှလာသည့်ကား၊ဆိုင်ကယ်တို့ကိုကလေး-ကလေးဝကားလမ်းအဝင်တွင်လည်းကောင်း၊ရန်ကုန်-မန္တလေး-မုံရွာ-ပခုက္ကူ-ဂန့်ဂေါ-ဝေဘူလဖက်မှလာသည့်ကားဆိုင်ကယ်များကိုနတ်ချောင်းရွာအဝင်တွင်လည်းကောင်း၊ချင်းပြည်နယ်ဖက်မှလာသည့်ကားဆိုင်ကယ်တို့ကိုကလေးမြို့နယ်ရေစိုရွာနှင့်ပန်းမွန်ချောင်းတွင်လည်းကောင်း၊ကလေးမြို့ကိုးမိုင်ဂိတ်တွင်လည်းကောင်းကျန်းမာရေးစစ်ဆေးမှုများ နေ့စဉ်ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။ကျန်းမာရေးထောက်ခံစာမပါလျှင် Quarantine စင်တာများတွင်စောင့်ကြည့်နေထိုင်ရမည်ဖြစ်ကြောင်းသိရသည်။
ကလေးမြို့ကိုဗစ်ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ထုတ်ပြန်ကြေငြာချက်များအရ Quarantine ဋ္ဌာန(၂၅)ခုတွင်ပြည်ပပြန် Quarantine ဝင်နေသူစုစုပေါင်း(၅၃) ယောက်၊ပြည်တွင်းမှ Quarantine ဝင်နေသူ(၁၂၆) ယောက်၊ စုစုပေါင်း(၁၇၉)ယောက် ၊ရောဂါပိုးစစ်ဆေးတွေ့ရှိပြီး ဆေးကုသမှုခံယူနေရသူ (၆)ယောက်ရှိကြောင်းသိရသည်။
















