မှန်ကန်စွာ လုပ်ဆောင်မှသာ COVID-19 ဖြစ်ပွားမှု အဆုံးသတ်မည်ဖြစ်ကြောင်း WHO ပြော

မှန်ကန်စွာ လုပ်ဆောင်မှသာ COVID-19 ဖြစ်ပွားမှု အဆုံးသတ်မည်ဖြစ်ကြောင်း WHO ပြော

နိုင်ငံများအနေဖြင့် မိမိတို့လက်ထဲတွင် ရှိနေသော ကိရိယာပစ္စည်းများ ကို စနစ်တကျ အသုံးချမည်ဆိုပါက ကမ္ဘာလုံးဆိုင်ရာ COVID-19 ကပ်ရောဂါကြီးကို အလျင်အမြန် ကျော်လွှားနိုင်မည်ဖြစ်ကြောင်း ကမ္ဘာ့ကျန်း မာရေးအဖွဲ့ (WHO) က အောက်တိုဘာ ၁၂ ရက်တွင် ပြောဆိုခဲ့သည်။ 

သို့သော် လက်ထဲရှိ ကိရိယာများကို မှန်ကန်စွာ အသုံးမချနိုင်ပါက ကာလရှည် ကြာနေဦးမည်ဖြစ်ကြောင်း အဖွဲ့က သတိပေးခဲ့သည်။

‘’ ကျွန်တော်တို့ လက်ထဲမှာရှိနေတဲ့ ကိရိယာပစ္စည်းတွေကို စနစ်တ ကျ  အသုံးချမယ်ဆိုရင် ဒီရောဂါကြီးကို မကြာခင်မှာ အဆုံးသတ်နိုင်မယ်။ ပစ္စည်းကိရိယာတွေကို မှန်မှန်ကန်ကန် အသုံးမချဘူးဆိုရင်တော့ ဒီရောဂါက တဝဲလည်လည် ဖြစ်နေဦးမှာပါ။ အလွန်ရှည်ကြာတဲ့ ကာလကြီးတစ်ခုအဖြစ် ကျွန်တော်တို့နဲ့အတူ ရှိနေဦးမှာပါ’’ ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲ ဒေါက်တာ တဲဒရို အဓာနွမ် ဂျီဘရီယဲဆပ်စ်က အာဖရိကဆိုင်ရာ အွန်လိုင်း အစည်းအဝေးတစ်ခုတွင် ပြောကြားခဲ့သည်။

ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်သူ ၃၇ သန်း ကျော်ရှိနေကာ လူ တစ်သန်းကျော် သေဆုံးခဲ့ပြီးဖြစ်သည်။

ကာကွယ်ဆေးရာပေါင်းများစွာကို စမ်းသပ်နေသော်လည်း မည်သည့်ကာကွယ်ဆေးမျှ နိုင်ငံတကာအသိအမှတ်ပြုမှုမရရှိသေးချေ။