ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများ၌ အစွန်းရောက်အဖွဲ့များ ထိုးဖောက်စည်းရုံးများရှိနေ

ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများ၌ အစွန်းရောက်အဖွဲ့များ ထိုးဖောက်စည်းရုံးများရှိနေ

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဘင်္ဂါလီများကိုထားရှိသော ဒုက္ခသည်စခန်းတချို့သို့ အစွန်းရောက်အဖွဲ့များ ထိုးဖောက်ဝင်ရောက်ပြီး စည်းရုံးသိမ်းသွင်းမှုများကို ပြုလုပ်နေကြောင်း Euroasiareview ဝက်ဘ်ဆိုက်က အောက်တိုဘာ ၁၃ ရက်တွင် ဖော်ပြခဲ့သည်။ 

ကော့စ်ဘဇားစီရင်စု ကူတူပါလန်းအရပ်ရှိ လွမ်ဘာရှားဒုက္ခသည်စခန်း၌ အောက်တိုဘာ ၆ ရက်တွင် ဘင်္ဂါလီအုပ်စုနှစ်စုကြား တိုက်ခိုက်မှုများကြောင့် လူလေးဦးသေဆုံးပြီး ၂၀ ခန့် ဒဏ်ရာရရှိခဲ့သည်။

အောက်တိုဘာ ၄ ရက်တွင်လည်း ကော့စ်ဘဇားစီရင်စု အူခီယားအရပ်ရှိ ဒုက္ခသည်စခန်းတစ်ခု၌ ဒုက္ခသည်အဖွဲ့နှစ်ဖွဲ့ကြား သေနတ်ပစ်ခတ်မှုကြောင့် လူနှစ်ဦးသေဆုံးခဲ့သည်။

အောက်တိုဘာ ၂ ရက်တွင် ဘင်္ဂလားဒေ့ရှ် အရေးပေါ်တုံ့ပြန်အရေးယူရေးတပ်ဖွဲ့သည် ကူတူပါလွန်းစခန်းအနီး မဓူချဟာရ၌ လက်နက်ထုတ်လုပ်ရေးစက်ရုံတစ်ရုံကို ဝင်ရောက်စီးနင်းခဲ့သည်။

တပ်ဖွဲ့သည် သံသယရှိသူနှစ်ဦးကို ဖမ်းဆီးခဲ့ပြီး လက်နက်များစွာကို သိမ်းဆည်းရမိခဲ့သည်။ ယင်းအမျိုးသားနှစ်ဦးသည် ဒုက္ခသည်စခန်းတွင် နေထိုင်နေသည့် ပြစ်မှုကျူးလွန်သူများအား လက်နက်များထောက်ပံ့ပေးနေသူများဖြစ်ကြောင်း တပ်ဖွဲ့ကပြောဆိုခဲ့သည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီမှ ဇူလိုင်အထိ ဘင်္ဂါလီများနှင့်ပတ်သက်၍ တိုင်ကြားမှု ၁၇၈ မှုရှိနေပြီဖြစ်သည်။

အဆိုပါဘင်္ဂါလီများသည် လက်နက်နှင့် မူးယစ်ဆေးဝါးမှောင်ခိုမှု၊ ဓားပြမှု၊ ပြန်ပေးဆွဲမှု၊ မှောင်ခိုမှု၊ လူသတ်မှု၊ လူကုန်ကူးမှုများဖြင့် အမှုဖွင့်ခံထားရသည်။

အစွန်းရောက်အဖွဲ့များသည် အဆိုပါဒုက္ခသည်စခန်းများသို့ ထိုးဖောက်ဝင်ရောက်ပြီး စည်းရုံးမှုများကို ပြုလုပ်နေကြောင်း မီဒီယာများကဖော်ပြခဲ့သည်။

ကော့စ်ဘဇားရှိ ဘင်္ဂါလီ ၄၀ ခန့်အား ဂျမားအာတူ မူဂျာဟီဒင် ဘင်္ဂလားဒေ့ရှ်အဖွဲ့(JMB) က ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် လေ့ကျင့်သင်တန်းပေးခဲ့ကြောင်း ဂျာမနီသတင်းဌာန Deutsche Welle က ဖေဖော်ဝါရီ ၁၃ ရက်တွင် ဖော်ပြခဲ့သည်။

JMB သည် ယင်းဘင်္ဂါလီများအား လေ့ကျင့်သင်ကြားပေးရန်အတွက် နိုင်ငံနှစ်နိုင်ငံမှ ဒေါ်လာ ၁၁၇၀၀၀ ရရှိခဲ့ကြောင်း သတင်းဌာနကဖော်ပြခဲ့သည်။

ထို့ပြင် မြန်မာအခြေစိုက် အာဆာအဖွဲ့သည်လည်း ယင်းစခန်းများထဲသို့ ထိုးဖောက်ဝင်ရောက်နေကြောင်း မီဒီယာများကဖော်ပြခဲ့သည်။

အာဆာစစ်သွေးကြွများ၊ ယင်းအဖွဲ့နှင့်ပတ်သက်သည့် ဂိုဏ်းများသည် ဒုက္ခသည်စခန်းများကို ထိန်းချုပ်ထားကြောင်း နိုင်ငံတကာအကျပ်အတည်းအဖွဲ့(ICG)၏ ၂၀၁၉ ခုနှစ် ဧပြီ ၂၅ ရက်တွင် ဖော်ပြခဲ့သည်။

ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများ၌ တိုက်ခိုက်ရေးသမား ၃၅၀၀ ခန့် ခိုလှုံနေကြောင်း အာဆာတပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုခဲ့သည်ဟု Deutsche Welle က ၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၄ ရက်တွင် ဖော်ပြခဲ့သည်။

ဘင်္ဂါလီဒုက္ခသည်အကျပ်အတည်းကို အချိန်မီမဖြေရှင်းနိုင်ပါက အစွန်းရောက်အယူရိုက်သွင်းခြင်းနှင့် အကြမ်းဖက်ဝါဒဘက်သို့ ဦးတည်သွားနိုင်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အေ ကေ မိုမန်က ပြောဆိုခဲ့သည်။

တစ်ချိန်တည်းမှာပင် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာတို့ကြားရှိ နိုင်ငံတကာနယ်စပ်၌ တင်းမာမှုများရှိနေသည်။

ဘင်္ဂလားဒေ့ရှ်သည် မြန်မာနှင့် ထိစပ်နေသည့် အရှေ့တောင်ပိုင်းနယ်စပ်တစ်လျှောက်တွင် စစ်သည်များကို တပ်စွဲထားစေပြီး မြန်မာကလည်း အစွန်းရောက်အဖွဲ့များ၏အန္တရာယ်ကို အကြောင်းပြကာ အလားတူလုပ်ဆောင်ခဲ့သည်။

Source: Euroasia Review