ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ ရန်ကုန်ကွန်ဗန်းရှင်းစင်တာ၌ဆောက်လုပ်ထားသည့် အင်းယားစင်တာတွင် COVID-19 အတည်ပြုလူနာ ၄၁၆ ဦးအား လက်ခံကုသပေးလျက်ရှိကြောင်း သိရသည်။
အင်းယားစင်တာအား အောက်တိုဘာ ၁ဝ ရက်က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ လိုအပ်သည့်ဆေးဝါးကုသမှုများပြုလုပ်ရန် လွှဲပြောင်းပေးအပ်ပြီးနောက် ယင်းနေ့ညနေဘက်မှစတင်၍ COVID-19 အတည်ပြုလူနာများအား လက်ခံကုသပေးခဲ့သည်။
ထိုသို့လက်ခံကုသပေးရာ အောက်တိုဘာ၁၃ ရက် ညနေပိုင်းအထိ COVID-19 အတည်ပြုလူနာ ၄၁၆ ဦးရောက်ရှိကာဆေးဝါးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
''လူနာတွေအတွက် မနက်စာ၊ နေ့လယ်စာနဲ့ ညစာအပါအဝင် အစာပြေစားသုံးဖို့အတွက် အစစအရာရာအဆင်ပြေအောင် ဆောင်ရွက်ထားပါတယ်။ဒါ့အပြင် တခြားရောဂါဝေဒနာ ဖြစ်ပွားသူတွေအတွက်လည်း အထူးဆေးဝါးတွေကို ပြည့်စုံအောင်စီစဉ်ဆောင်ရွက်ပေးထားပါတယ်''ဟု အင်းယားစင်တာ၏တာဝန်ရှိသူတစ်ဦးဖြစ်သည့် ကိုဇော်ရဲနောင်က ပြောသည်။
















