တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်တုံပြည်နယ်ရှိ ချင်တောက်မြို့၌ COVID-19 ကူးစက်သူများကို တွေ့ရှိပြီးနောက် သြဂုတ် ၁၂ ရက်မှစ၍ COVID-19 ရှိမရှိစစ်ဆေးမှုများကို ပြုလုပ်ခဲ့ရာ ရက်ပိုင်းအတွင်း လူ ၄ ဒသမ ၂ သန်းကျော်ကို စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း မြို့အုပ်ချုပ်ရေးအဖွဲ့ကပြောဆိုခဲ့သည်။
မြို့တွင်းရှိ စီရင်စုငါးစုကို သုံးရက်အတွင်းနှင့် တစ်မြို့လုံးကို ငါးရက်အတွင်း အပြီးသတ်စစ်ဆေးမည်ဖြစ်ကြောင်း အောက်တိုဘာ ၁၂ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြို့တွင်း အောက်တိုဘာ ၁၁ ရက် အနှောင်းပိုင်းအထိ ကူးစက်သူသစ်ခြောက်ဦးနှင့် ရောဂါလက္ခဏာမပြသူ ခြောက်ဦးတို့ကိုတွေ့ရှိခဲ့သည်။
ကူးစက်သူအများစုသည် ချင်တောက်ရောဂါဆေးရုံနှင့်ဆက်စပ်မှုရှိနေသည်။
ဆေးရုံ၌ လူဝင်လူထွက်ပိတ်ပင်ထားလိုက်ပြီဖြစ်သည်။
ကူးစက်မှုတိုက်ဖျက်ရေးတစ်စိတ်တစ်ပိုင်းအဖြစ် အတည်ပြုလူနာများနေထိုင်ခဲ့သည့် အဆောက် အအုံများကိုလည်း လူဝင်လူထွက်ပိတ်ပင်လိုက်ပြီဖြစ်သည်။
တရုတ်နိုင်ငံ၌ အောက်တိုဘာ ၁၃ ရက်တွင် COVID-19 ကူးစက်သူသစ် ၂၀ ရှိခဲ့ပြီး အောက်တိုဘာ ၁၂ ရက်တွင်ရှိခဲ့သည့် ၁၃ ဦးမှ တိုးလာခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားကျန်းမာရေးကော်မရှင်က ထုတ်ပြန်ခဲ့သည်။
အောက်တိုဘာ ၁၃ ရက်တွင်ရှိခဲ့သည့် ကူးစက်သူသစ်များအနက် ၁၄ ဦးသည် ပြည်ပတွင်ကူးစက်ခံခဲ့ရသူများဖြစ်ကြပြီး ခြောက်ဦးသည် ရှန်တုံပြည်နယ်မှဖြစ်ကာ ပြည်တွင်းကူးစက်သူများဖြစ်ကြသည်။
အောက်တိုဘာ ၁၃ ရက်တွင် ဗိုင်းရပ်စ်ကူးစက်ခံထားရသော်လည်း ရောဂါလက္ခဏာမပြသူ ၁၈ ဦးကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ကော်မရှင်ကထုတ်ပြန်ခဲ့သည်။ တရုတ်အစိုးရသည် ရောဂါလက္ခဏာမပြသူများအား အတည်ပြုလူနာစာရင်းတွင် ထည့်သွင်းခြင်းမပြုချေ။
တရုတ်နိုင်ငံ၌ COVID-19 ကူးစက်သူ ၈၅၆၆၁ ဦး နှင့် သေဆုံးသူဦးရေသည် ၄၆၃၄ ဦးမှ တိုးလာခြင်းမရှိချေ။

















