ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ လိင်ပိုင်းအနိုင်ကျင့်သူများအား သေဒဏ်ပေးရန် နိုင်ငံတစ်ဝန်းတောင်းဆိုဆန္ဒပြမှုများပြုလုပ်ခဲ့ပြီးနောက် ဝန်ကြီးအဖွဲ့သည် ဆန္ဒပြသူများ၏တောင်းဆိုမှုကို လိုက်လျောရန် အောက်တိုဘာ ၁၂ ရက် အနှောင်းပိုင်းတွင် ဆုံးဖြတ်ခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ မကြာသေးမီနှစ်များအတွင်း လိင်ပိုင်းအနိုင်ကျင့်မှုများစွာဖြစ်ပွားခဲ့သည်။
၂၀၂၀ ပြည့်နှစ် ဇန်နဝါရီမှ စက်တင်ဘာအထိ လိင်ပိုင်းအနိုင်ကျင့်မှု ၁၀၀၀ ခန့်ရှိခဲ့ပြီး ယင်းတို့အနက် ငါးပုံတစ်ပုံသည် အုပ်စုဖွဲ့လိင်ပိုင်းအနိုင်ကျင့်မှုဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့ အိုင် အို ဆာလစ် ကန်ဒရာကပြောဆိုခဲ့သည်။
သို့သော် လိင်ပိုင်းအနိုင်ကျင့်သူများအား ကြီးလေးသော ပြစ်ဒဏ်များချမှတ်ရုံဖြင့် မလုံလောက်သေးဘဲ လိင်ပိုင်းအနိုင့်ကျင့်မှုနှင့်ပတ်သက်၍ ရုံးတင်စစ်ဆေးမှု၊ အပြစ်ရှိကြောင်း ဆုံးဖြတ်သည့် အမှုလွန်စွားနည်းပါးမှုအစရှိသည့် တရားရေးစနစ်ရှိ ပြဿနာများကိုလည်း ဖြေရှင်းရန် လိုအပ်သေးကြောင်း ကျွမ်းကျင်သူများက သုံးသပ်သည်။
လိင်ပိုင်းအနိုင်ကျင့်မှုများ ထိုက်သင့်သည့် ပြစ်ဒဏ်ကျခံရခြင်းမရှိသည့် ဓလေ့နှင့် သြဇာကြီးမားသူများက လိင်ပိုင်းအနိုင်ကျင့်သူအဖြစ်သံသယရှိသူများအား နိုင်ငံရေးရည်ရွယ်ချက်ဖြင့် ကာကွယ်ပေးမှုများရှိနေကြောင်း အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူများကပြောဆိုခဲ့သည်။
ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ ကြီးမှူးသည့် ဝန်ကြီးအဖွဲ့သည် လိင်ပိုင်းအနိုင်ကျင့်သူများအား သေဒဏ်ချမှတ်ရန် အစီအစဉ်ကို အတည်ပြုပေးခဲ့ကြောင်း ဥပဒေရေးရာဝန်ကြီး အနီဆူ ဟက်ကပြောဆိုခဲ့သည်။
နိုင်ငံအရှေ့တောင်ပိုင်းရှိ နိုယာခါလီစီရင်စု၌ အမျိုးသားတစ်စုက အမျိုးသမီးတစ်ဦးကို အဝတ်အစားများဆုတ်ဖြဲပြီး နာရီဝက်ခန့် အနိုင်ကျင့်နေသည်ကို ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်ထွက်ပေါ်လာပြီးနောက် ဆန္ဒပြမှုများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဗီဒီယိုဖိုင်တွင် ပါရှိသည့် အမျိုးသမီးသည် ယမန်နှစ်အတွင်း အမျိုးသားတစ်စု၏အကြိမ်ကြိမ်လိင်ပိုင်းအနိုင်ကျင့်ခံရခြင်း၊ လက်နက်များဖြင့် ခြိမ်းခြောက်ခံရခြင်းတို့နှင့် ကြုံတွေ့ခဲ့ရကြောင်း အမျိုးသားလူ့အခွင့်အရေးကော်မရှင်က စုံစမ်းစစ်ဆေးမှုအရသိရသည်။
နိုင်ငံမြောက်ပိုင်း ဆီဟတ်စီရင်စုရှိ အဆောင်တစ်ဆောင်၌ အမျိုးသမီးတစ်ဦးကို အမျိုးသားတစ်စုက အုပ်စုဖွဲ့လိင်ပိုင်းအနိုင်ကျင့်မှုဖြစ်ပွားခဲ့ပြီးဖြစ်သည်။
ယင်းအမှုနှင့်ဆက်စပ်၍ အာဏာရပါတီရှိ ကျောင်းသားလူငယ်အဖွဲ့ခွဲမှ အဖွဲ့ဝင်တချို့ အဖမ်းခံခဲ့ရပြီးဖြစ်သည်။
မည်သည့်ပါတီဝင်ဖြစ်ပါစေ ပြစ်မှုကျူးလွန်ပါက ထိုက်သင့်သည့် ပြစ်ဒဏ်များကို ချမှတ်မည်ဖြစ်ကြောင်း တရားရေးဝန်ကြီး ဟက် အောက်တိုဘာ ၁၀ ရက်တွင် ပြောဆိုခဲ့သည်။

















