မိုးသည်းရေကြီးမှုများကြောင့် ဗီယက်နမ်နှင့် ကမ္ဘောဒီးယားတို့၌ လူ ၄၀ ခန့်သေဆုံး

မိုးသည်းရေကြီးမှုများကြောင့် ဗီယက်နမ်နှင့် ကမ္ဘောဒီးယားတို့၌ လူ ၄၀ ခန့်သေဆုံး

ဗီယက်နမ်နှင့် ကမ္ဘောဒီးယားတို့၌ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများကြောင့် မကြာသေးမီရက်များအတွင်း လူ ၄၀ ခန့်သေဆုံးပြီး ရှာဖွေကယ်ဆယ်ရေးသမားများအပါအဝင် လူပေါင်းများစွာ ပျောက်ဆုံးနေဆဲဖြစ်သည်။

အောက်တိုဘာ အစောပိုင်းမှစ၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဗီယက်နမ်နိုင်ငံအလယ်ပိုင်းရှိ ခရိုင်များစွာနှင့် ကမ္ဘောဒီးယားနိုင်ငံ အနောက်ပိုင်းတို့၌ ရေကြီးရေလျှံကာ မြေပြိုမှုများရှိခဲ့ကြောင်း ဗီယက်နမ်နိုင်ငံပိုင်မီဒီယာနှင့် အစိုးရအရာရှိများကပြောဆိုခဲ့သည်။

အပူပိုင်းမုန်တိုင်း နန်ကာသည် အောက်တိုဘာ ၁၃ ရက် အနှောင်းပိုင်းတွင် ဗီယက်နမ်သို့ ဝင်ရောက်တိုက်ခတ်ခဲ့သောကြောင့် လာမည့်ရက်များအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများရှိလာမည်ဖြစ်သည်။

တစ်နာရီ ၁၀၀ ကီလိုမီတာ(၆၂ မိုင်) လေတိုက်နှုန်းရှိသော နန်ကာကြောင့် ဗီယက်နမ်မြောက်ပိုင်းနှင့် အလယ်ပိုင်းတို့၌ အောက်တိုဘာ ၁၄ မှ ၁၆ ရက်အထိ မိုးရေချိန် ၄၀၀ မီလီမီတာအထိရှိနိုင်ကြောင်း မိုးလေဝသဌာနက ခန့်မှန်းထားသည်။

ရေကြီးရေလျှံမှုများကြောင့် ဗီယက်နမ်၌ လူ ၂၈ ဦး၊ ကမ္ဘောဒီးယား၌ ၁၁ ဦးသေဆုံးခဲ့ပြီး နေအိမ်အလုံး ၂၅၀၀၀ ခန့်နှင့် စိုက်ခင်း ဟက်တာ ၈၄၀၀၀ ခန့် ထိခိုက်ပျက်စီးခဲ့ပြီးဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံပိုင်မီဒီယာကဖော်ပြခဲ့သည်။

နေအိမ်အလုံး ၁၃၀၀၀၀ ကျော် ရေကြီးရေလျှံမှုဒဏ်ခံခဲ့ရကြောင်း ဗီယက်နမ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအာဏာပိုင်များကပြောဆိုခဲ့သည်။ ဗီယက်နမ်နိုင်ငံအလယ်ပိုင်းရှိ ရေအားလျှပ်စစ်စီမံကိန်းတစ်ခု၌ မြေပြိုမှုတစ်ခုဖြစ်ပွားခဲ့ပြီးနောက် ဆောက်လုပ်ရေးဝန်ထမ်း ၁၇ ဦး ပျောက်ဆုံးနေဆဲဖြစ်သည်။