သဘာဝဘေးဒဏ်ခံ ဒေသများ၌ အိမ်ရာသစ်ထောင်ပေါင်းများစွာ တည်ဆောက်ရန် ကင်ဂျုံအန် လျာထား

သဘာဝဘေးဒဏ်ခံ ဒေသများ၌ အိမ်ရာသစ်ထောင်ပေါင်းများစွာ တည်ဆောက်ရန် ကင်ဂျုံအန် လျာထား

မုန်တိုင်းဒဏ်ကြောင့် အဆိုးရွားဆုံး ထိခိုက်ဆုံးရှုံးမှုရှိခဲ့သည့် ဒေသတစ်ခုသို့ သွားရောက်ခဲ့ပြီးနောက် နှစ်ပေါင်း ၅၀ ကျော်သက်တမ်းရှိ နေအိမ်များပျက်စီးခဲ့ရခြင်းအပေါ် စိတ်မကောင်းဖြစ်မိ ကြောင်း ကင်ဂျုံအန်က ပြောဆိုခဲ့ပြီး ပိုမိုမြန်ဆန်သော တည်ဆောက်ရေးစီမံ ကိန်းများ စတင်ချမှတ်လုပ်ဆောင်ရန် စစ်တပ်အား တိုက်တွန်းခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက အောက်တိုဘာ ၁၄ ရက်တွင် ဖော်ပြခဲ့သည်။ 

မြောက်ကိုရီးယားပြည်သူများ၏ အနစ်နာခံ နားလည်ပေးမှုအပေါ် ကျေးဇူးတင်ကြောင်း အလုပ်သမားပါတီ တည်ထောင်ခြင်း ၇၅ နှစ်မြောက် အခမ်းအနားတွင်  မျက်ရည်စများနှင့်အတူ ကင်ဂျုံအန်ကပြောဆိုခဲ့ပြီးနောက် ယခုခရီးစဉ် သွားရောက်ခဲ့ခြင်းဖြစ်သည်။

မြို့တော် အရှေ့မြောက်ဘက် တောင်ဟမ်မြောင်ခရိုင်၊ ကွန်ဒေါ့ဒေသတွင် နေအိမ်ပေါင်း ၂၃၀၀ ကို စစ်တပ်မှ တည်ဆောက်နေမှုသည် ၆၀ ရာခိုင်နှုန်း ပြီးစီးသည့်အခြေအနေသို့ ရောက်ရှိနေကြောင်း KCNA က ဖော်ပြ သည်။

သဘာဝ ဘေးအန္တရာယ်ကြောင့် အိမ်ဟောင်းများ ပျက်စီးသွားမှသာ အိမ်သစ်များကို တည်ဆောက်ခြင်းဖြစ်သောကြောင့် တည်ဆောက်ရေးစီမံကိန်းများ၌ ပြုပြင်ပြောင်းမှု ပြုလုပ်ရန် ကင်က တိုက်တွန်းခဲ့သည်။ လာမည့် ဇန်နဝါရီမှစ၍ ငါးနှစ်အတွင်း အိမ်အလုံး ၂၅၀၀၀ ကို တည်ဆောက်မည်ဖြစ်သည်။

မြောက်ကိုရီးယားသည် COVID-19 ကပ်ရောဂါ၏ ထိုးနှက်မှု၊ နိုင်ငံ တကာ၏ ပိတ်ဆို့အရေးယူမှုများနှင့် မုန်တိုင်းဒဏ်ကို ဆိုးရွားစွာခံခဲ့ရခြင်းတို့ကြောင့် စီးပွားရေး ထိခိုက်နစ်နာမှုများစွာနှင့် ရင်ဆိုင်နေရသည်။